ဆာလံ 38:1-22
ဆာလံ 38:1-22 Judson Bible (JBMLE)
အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသောစိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။ မြားတော်တို့သည် အကျွန်ုပ်၌စူးဝင်၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။ အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။ အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိရွဲ့လျက် ရှိကြပါ၏။ အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ့်ချလျက်၊ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တစ်နေ့လုံး သွားရပါ၏။ အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။ နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။ အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်းကိုလည်း အကြွင်းမဲ့သိတော်မူ၏။ အကျွန်ုပ်၏နှလုံးတုန်လှုပ်၍၊ ခွန်အားလည်းကုန်ပါပြီ။ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ။ အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဖော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့်၊ ဝေးဝေးရပ်လျက်၊ ပေါက်ဖော်တို့သည်လည်း၊ ရှောင်လျက်နေကြပါ၏။ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တစ်နေ့လုံး မနာလိုသောစကားကိုပြော၍၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ၏။ အကျွန်ုပ်မူကား၊ နားပင်းသောသူကဲ့သို့ မကြား။ နှုတ်ကို မဖွင့်တတ်သောလူကဲသို့ ဖြစ်ပါ၏။ နားမကြား၊ ပြန်၍မငြင်းနိုင်သောသူကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်။ သို့မဟုတ်၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက်ကြပါလိမ့်မည်။ အကျွန်ုပ်သည် ခြေချော်သောအခါ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကိုချီးမြှောက်ကြပါလိမ့်မည်ဟု လျှောက်ပါပြီ။ အကျွန်ုပ်လဲလုသည်ဖြစ်၍၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက်မေ့လျက် နေပါ၏။ ကိုယ်အပြစ်ကို ဖော်ပြပါ၏။ ပြစ်မှားမိသောကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။ အကျွန်ုပ်၏ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မမှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။ အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
ဆာလံ 38:1-22 Common Language Bible (BCL)
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။ ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။ အပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။ ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။ ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။ ကျွန်တော်မျိုးသည်အဖျားအပူရှိန်ပြင်းထန်လျက် အသဲအသန်ဖြစ်နေပါ၏။ စိစိညက်ညက်ကြေ၍နုန်းနဲ့ခွေယိုင်လျက်ရှိပါ၏။ ကျွန်တော်မျိုးသည်စိတ်ဒုက္ခရောက်၍ဝေဒနာကြောင့် ညည်းညူလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အလိုဆန္ဒကို သိတော်မူပါ၏။ ကျွန်တော်မျိုး၏ညည်းညူသံကိုကြားတော်မူပါ၏။ ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။ ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။ ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။ ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုး၏အရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ လျှောက်ထားချက်ကိုနားညောင်းတော်မူမည်ဖြစ်ပါ၏။ ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်ပြိုလဲလုပါပြီ။ ဝေဒနာကိုအစဉ်ခံစားလျက်နေရပါ၏။ ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။ ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးနှင့် ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။
ဆာလံ 38:1-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။ အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။ ကိုယ်တော်၏အမျက်တော်ကြောင့် အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်၏အပြစ်များကြောင့် အကျွန်ုပ်၏အရိုးတို့သည် သန်စွမ်းခြင်းမရှိပါ။ အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။ အကျွန်ုပ်၏မိုက်မဲမှုကြောင့် အကျွန်ုပ်၏ဒဏ်ရာများသည် ပုပ်စော်နံ၍ ရိရွဲကြပါ၏။ အကျွန်ုပ်သည် ခေါင်းကိုငုံ့လျက်၊ လုံးလုံးငိုက်စိုက်ချလျက်၊ တစ်နေ့လုံးဝမ်းနည်းပူဆွေးလျက် သွားလာရပါ၏။ အကြောင်းမူကား အကျွန်ုပ်၏ခါးတစ်ဝိုက်လုံးသည် ပူလောင်နာကျင်၍ အကျွန်ုပ်၏ကိုယ်ခန္ဓာ၌ အနာတရကင်းသောနေရာမရှိပါ။ အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။ အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။ အို ဘုရားရှင်၊ အကျွန်ုပ်၏အလိုဆန္ဒရှိသမျှသည် ကိုယ်တော်၏ရှေ့၌ ထင်ရှားပါ၏။ အကျွန်ုပ်၏ညည်းတွားခြင်းသည်လည်း ကိုယ်တော့်ထံမှ ကွယ်ဝှက်၍မနေပါ။ အကျွန်ုပ်၏နှလုံးသည် ပြင်းစွာခုန်၍ အကျွန်ုပ်၏ခွန်အားသည် အကျွန်ုပ်ကိုစွန့်ခွာသွားပါပြီ။ အကျွန်ုပ်၏မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံ၌မရှိတော့ပါ။ အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။ အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။ သို့သော် အကျွန်ုပ်သည် နားမကြားသူကဲ့သို့ မည်သည့်အရာကိုမျှမကြားပါ။ မိမိနှုတ်ကိုမဖွင့်သောဆွံ့အသူကဲ့သို့လည်း ဖြစ်ပါ၏။ အမှန်စင်စစ် အကျွန်ုပ်သည် မကြားရသောသူကဲ့သို့လည်းကောင်း၊ မိမိနှုတ်၌ပြန်ပြောစရာစကားမရှိသောသူကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင် ဘုရားသခင်၊ ကိုယ်တော်သည် ထူးတော်မူမည်ဖြစ်ပါ၏။ သို့ဖြစ်၍ “အကျွန်ုပ်ခြေချော်သောအခါ သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ခြင်း၊ အကျွန်ုပ်အပေါ်မိမိကိုယ်ကိုချီးမြှောက်ခြင်း မရှိကြပါစေနှင့်”ဟု အကျွန်ုပ်လျှောက်ပါပြီ။ အကြောင်းမူကား အကျွန်ုပ်သည် လဲလုမတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏ဒုက္ခဝေဒနာသည်လည်း အကျွန်ုပ်ရှေ့၌အစဉ်ရှိနေပါ၏။ အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။ အကျွန်ုပ်၏ရန်သူတို့သည် သန်မာအားကြီးကြပါ၏။ အကြောင်းမဲ့ အကျွန်ုပ်ကို မုန်းတီးသောသူတို့သည်လည်း များစွာရှိပါ၏။ အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။