ဆာလံ 30:1-12
ဆာလံ 30:1-12 Judson Bible (JBMLE)
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်။ အကျွန်ုပ်ကို ဆယ်နုတ်တော်မူ၏။ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူ။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအော်ဟစ်၍၊ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံထဲက နုတ်ယူတော်မူပြီ။ သင်္ချိုင်းတွင်းထဲသို့မဆင်းစေဘဲ၊ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ။ ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား၊ တစ်သက်လုံးတည်၏။ ညဉ့်ဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုရသောအခွင့်ရှိ၏။ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။ အိုထာဝရဘုရား၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏တောင်သည် ခိုင်ခံ့မြဲမြံပါ၏။ မျက်နှာလွှဲတော်မူသောအခါ ဆင်းရဲခြင်းသို့ရောက်ပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည်အသက်ဆုံး၍၊ သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ သစ္စာတော်ကိုဖော်ပြပါမည်လော။ အိုထာဝရဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်းလျှောက်ပါ၏။ ထိုအခါ အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်းခါးပန်းနှင့် စည်းတော်မူ၏။ သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
ဆာလံ 30:1-12 Common Language Bible (BCL)
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။ ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကယ်မတော်မူရန်ကိုယ်တော်ရှင်၏ထံတော်သို့ ကျွန်တော်မျိုးအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ ဝေဒနာကိုငြိမ်းစေတော်မူပါ၏။ ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်း ကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။ ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသော အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။ မိမိတွင်လုံခြုံမှုရှိပြီဟုယုံကြည်လျက် ``ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်'' ဟု ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းပြောဆိုခဲ့ ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။ တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်က ကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက် ``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခေါ်သံကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးအားသနားကြင်နာတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုကူမတော်မူပါ'' ဟူ၍ တောင်းလျှောက်ခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေမည် မဟုတ်ပါ။ ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကျေးဇူး တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။
ဆာလံ 30:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံရာ ကိုယ်တော်သည် အကျွန်ုပ်ကိုကျန်းမာစေတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံထဲမှထုတ်ဆောင်တော်မူ၍ အကျွန်ုပ်ကို သေတွင်းထဲသို့မဆင်းသွားစေဘဲ ဆက်၍အသက်ရှင်စေတော်မူပြီ။ ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။ “ငါသည် မည်သည့်အခါမျှ တုန်လှုပ်မည်မဟုတ်”ဟု ငါ၌လုံခြုံစိတ်ချမှုရှိစဉ်အခါက ငါပြောဆိုခဲ့၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျေးဇူးတော်အားဖြင့် အကျွန်ုပ်၏တောင်ကို ခိုင်ခံ့စွာတည်စေတော်မူပြီ။ မျက်နှာတော်လွှဲတော်မူသောအခါ အကျွန်ုပ်ထိတ်လန့်ရပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်၏ဘုရားရှင်ထံ အသနားခံတောင်းလျှောက်ပါ၏။ အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။ အို ထာဝရဘုရား၊ နားညောင်းတော်မူပါ။ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစသောအရှင်ဖြစ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။ သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေဘဲ ကိုယ်တော်ကိုသီဆိုချီးမွမ်းပါမည်။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်။