ဆာလံ 114:1-8
ဆာလံ 114:1-8 Judson Bible (JBMLE)
ဣသရေလအမျိုး၊ ယာကုပ်အနွယ်သည် ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်ကထွက်သွားသောအခါ၊ ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။ ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏။ တောင်ကြီးတို့သည် သိုးကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ကြ၏။ အချင်းပင်လယ်၊ သင်ပြေးသည်အကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့်သည်အကြောင်း၊ အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့သည် သိုးသငယ်ကဲ့သို့ခုန်ကြသည်အကြောင်းကား အဘယ်သို့နည်း။ အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ်အမျိုးကိုးကွယ်သော ဘုရားသခင်၏မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။ ဘုရားသခင်သည် ကျောက်ကိုရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။
ဆာလံ 114:1-8 Common Language Bible (BCL)
ယာကုပ်၏သားမြေးဣသရေလအမျိုးသား တို့သည် နိုင်ငံရပ်ခြားအီဂျစ်ပြည်မှထွက်သွားကြ သောအခါ၊ ယုဒအမျိုးသားတို့သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်သောလူစုတော်ဖြစ်လာကြ၏။ ဣသရေလအမျိုးသားတို့သည်ကိုယ်တော် ပိုင်တော်မူသောလူစုတော်ဖြစ်လာကြ၏။ ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။ တောင်ကြီးတို့သည်ဆိတ်များကဲ့သို့လည်းကောင်း၊ တောင်ငယ်တို့သည်သိုးများကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ အချင်းပင်လယ်၊သင်သည်အဘယ်ကြောင့် ထွက်ပြေးပါသနည်း။ အချင်းယော်ဒန်မြစ်၊သင်သည်အဘယ်ကြောင့် မစီးဘဲရပ်တန့်ပါသနည်း။ တောင်ကြီးတို့၊သင်တို့သည်အဘယ်ကြောင့် ဆိတ်များကဲ့သို့ခုန်ပေါက်ကြပါသနည်း။ တောင်ငယ်တို့၊သင်တို့သည်အဘယ်ကြောင့် သိုးသငယ်များကဲ့သို့ခုန်ပေါက်ကြပါ သနည်း။ အချင်းမြေကြီး၊ယာကုပ်၏ဘုရား၊ ထာဝရဘုရားကြွလာတော်မူချိန်၌ ရှေ့တော်တွင် တုန်လှုပ်လျက်နေလော့။ ကိုယ်တော်သည်ကျောက်တောင်ကိုရေအိုင်၊ ကျောက်ဆောင်ကိုစမ်းချောင်းဖြစ်စေတော် မူ၏။
ဆာလံ 114:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အစ္စရေးလူမျိုးသည် အီဂျစ်ပြည်မှ၊ ယာကုပ်၏အမျိုးအနွယ်သည် တိုင်းတစ်ပါးဘာသာစကားပြောဆိုသောလူမျိုးထံမှ ထွက်လာသောအခါ ယုဒသည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၊ အစ္စရေးသည် ကိုယ်တော်အုပ်စိုးသော နိုင်ငံတော်ဖြစ်လာ၏။ ပင်လယ်သည် မြင်၍ထွက်ပြေးလေ၏။ ဂျော်ဒန်မြစ်သည် နောက်သို့ပြန်လှည့်လေ၏။ တောင်တို့သည် သိုးထီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းတို့သည် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ပေါက်ကြ၏။ အချင်းပင်လယ်၊ သင်သည် အဘယ်ကြောင့်ထွက်ပြေးရသနည်း။ အချင်းဂျော်ဒန်မြစ်၊ သင်သည် အဘယ်ကြောင့် နောက်သို့ပြန်လှည့်ရသနည်း။ အချင်းတောင်တို့၊ သင်တို့သည် အဘယ်ကြောင့် သိုးထီးကဲ့သို့လည်းကောင်း၊ အချင်းတောင်ကုန်းတို့၊ သင်တို့သည် အဘယ်ကြောင့် သိုးသငယ်ကဲ့သို့လည်းကောင်း ခုန်ပေါက်ကြသနည်း။ အချင်းမြေကြီး၊ အရှင်၏ရှေ့တော်တည်းဟူသော ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။ ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ မာကျောသောကျောက်ကို စမ်းရေတွင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။