ဆာလံ 105:1-45
ဆာလံ 105:1-45 Judson Bible (JBMLE)
ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ သန့်ရှင်းသောနာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကိုရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ တရားစီရင်ပိုင်တော်မူ၏။ ငါသည်သင်တို့အမွေခံရာဖို့ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍၊ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ သူတို့သည် တစ်မြို့မှ တစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍ သွားကြသောအခါ၊ သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက်၊ ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊ ကျွန်ဖြစ်စေဖို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။ သူ့ကိုခြေချင်းခတ်၍ သံနှင့် ညှဉ်းဆဲကြ၏။ သူ၏စကားမပြည့်စုံမီတိုင်အောင်၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း စုံစမ်းခြင်းကိုခံရ၏။ လူတို့ကို အစိုးရသောအရှင်တည်းဟူသော ရှင်ဘုရင်သည်စေလွှတ်၍ သူ့ကိုနုတ်ပြီးမှ ချမ်းသာပေးတော်မူ၏။ သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိတို့ကိုချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမပိုင်သောအခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။ ဘုရားသခင်သည် မိမိလူတို့ကိုအလွန်များပြားစေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။ မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကိုပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ တစ်ဖန် မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွှတ်တော်မူ၏။ အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေတော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုပြုကြ၏။ မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။ သူတို့ရေများကိုအသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။ သူတို့မြေသည် များစွာသောဖားတို့ကို မင်းအိပ်ရာအခန်းတို့၌ပင် ဖွားလေ၏။ အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။ မိုးရေအစား မိုးသီးကိုလည်းကောင်း၊ သူတို့မြေပေါ်မှာ မီးလျှံကိုလည်းကောင်း ပေးတော်မူ၏။ သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုထိခိုက်၍၊ တစ်ပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော်မူ၏။ အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည်လာ၍၊ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကိုလည်းကောင်း၊ မြေဩဇာအသီးအနှံတို့ကိုလည်းကောင်း ကိုက်စားကြ၏။ သူတို့အစွမ်းသတ္တိ အထွတ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသောသူ တစ်ယောက်မျှမရှိ။ အဲဂုတ္တုပြည်သည် သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တစ်ပြည်လုံး ဝမ်းမြောက်၏။ သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။ သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။ ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။ အကြောင်းမူကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဖူးသော သန့်ရှင်းသော ကတိတော်ကို အောက်မေ့တော်မူ၏။ ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တစ်ပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
ဆာလံ 105:1-45 Common Language Bible (BCL)
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။ ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။ ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။ ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။ အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။ ``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။ ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။ သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။ သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။ ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။ ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။ ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။ ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။ မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။ သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။ ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။ ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။ ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။ ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။ သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။ ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။ ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။ ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။ ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။ ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။ ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍ တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။ ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။ ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။ အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။ ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။ သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။ ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။ ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။ ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။ ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။
ဆာလံ 105:1-45 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်၌ ဂုဏ်ယူဝါကြွားကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံးသည် ဝမ်းမြောက်ပါစေ။ ထာဝရဘုရားနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာဖွေကြလော့။ ကိုယ်တော်၏မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။ ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊ အာဗြဟံနှင့်ပြုခဲ့သောပဋိညာဉ်တော်၊ ဣဇက်အားကျိန်ဆိုသောကတိတော်ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို ယာကုပ်အတွက် ပြဋ္ဌာန်းချက်အဖြစ်လည်းကောင်း၊ အစ္စရေးအတွက် အစဉ်အမြဲတည်သော ပဋိညာဉ်အဖြစ်လည်းကောင်း တည်စေတော်မူ၍ “ခါနာန်ပြည်ကို သင်တို့၏အမွေဝေစုအဖြစ် သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ ထိုစဉ်က သူတို့သည် အရေအတွက်အားဖြင့် အနည်းငယ်မျှသာရှိကြပြီး ထိုပြည်၌ ဧည့်သည်အဖြစ် တည်းခိုနေထိုင်သောသူများ ဖြစ်ကြ၏။ လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။ သို့သော် သူတို့ကိုနှိပ်စက်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး “ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။ တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။ လူတို့သည် သူ၏ခြေကို ခြေချင်းနှင့်နာကျင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကို တပ်ကြ၏။ သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။ ရှင်ဘုရင်သည် လူကိုစေလွှတ်၍ သူ့ကိုလွှတ်ပေး၏။ လူတို့ကိုအုပ်စိုးသူသည် သူ့ကိုချမ်းသာခွင့်ပေး၍ မိမိ၏နန်းတော်တွင် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သောအရာရှိသမျှတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။ ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ဉာဏ်ပညာရှိစေရန် အတွက်ဖြစ်၏။ ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။ ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။ မိမိလူမျိုးတော်ကိုမုန်းစေရန်နှင့် မိမိအစေအပါးတို့အပေါ် ပရိယာယ်သုံးကြစေရန် ထိုရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။ သူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာနှင့် ဆိုင်သောအမှုများကို ထိုသူတို့အလယ်၌လည်းကောင်း၊ တန်ခိုးလက္ခဏာများကို ဟာမ၏ပြည်၌လည်းကောင်း ပြုကြ၏။ ကိုယ်တော်သည် အမှောင်ကိုစေလွှတ်၍ ထိုပြည်ကို မှောင်မည်းစေတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန်ခဲ့ကြသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့၏ရေများကို သွေးဖြစ်စေ၍ သူတို့၏ငါးများကို သေစေတော်မူ၏။ သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ယင်ရဲအုပ်နှင့်မှက်တို့သည် သူ တို့ပြည်တစ်ဝန်းလုံးသို့ပျံ့နှံ့သွားကြ၏။ ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။ သူတို့၏စပျစ်ပင်များနှင့်သဖန်းပင်များကိုလည်း ဖျက်ဆီး၍ သူတို့ပြည်ရှိ သစ်ပင်များကိုချိုးတော်မူ၏။ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ မရေမတွက်နိုင်သော ကျိုင်းကောင်နှင့်နှံကောင်တို့သည် ရောက်လာ၍ သူတို့ပြည်၌ရှိသောအပင်အားလုံးကို ကိုက်စားကြ၏။ သူတို့မြေပေါ်မှ အသီးအနှံတို့ကိုလည်း ကိုက်စားကြ၏။ ကိုယ်တော်သည် သူတို့၏ ယောက်ျားအားမာန်အားလုံး၏အသီးဦးဖြစ်သော သူတို့ပြည်မှသားဦးရှိသမျှတို့ကို ဆုံးပါးစေတော်မူ၏။ ထို့နောက် သူတို့ကို ရွှေ၊ ငွေနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးစုများတွင် အားနည်းသောသူတစ်ယောက်မျှမရှိချေ။ သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။ ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။ သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။ ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။ ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။ ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။ ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။