ဆာလံ 1:1-6
ဆာလံ 1:1-6 Judson Bible (JBMLE)
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။ မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။
ဆာလံ 1:1-6 Common Language Bible (BCL)
သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍ နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။ ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။ သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။ အပြစ်ကူးသူတို့သည်ဘုရားသခင် အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။ ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
ဆာလံ 1:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။ ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သွားသောဖွဲနှင့်တူကြ၏။ ထို့ကြောင့် ဆိုးယုတ်သောသူတို့သည် တရားစီရင်တော်မူရာကာလ၌လည်းကောင်း၊ အပြစ်သားတို့သည် ဖြောင့်မတ်သောသူတို့၏ အစုအဝေးထဲ၌လည်းကောင်း ရပ်တည်နိုင်ကြမည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။