ဖိလိပ္ပိ 3:10-14
ဖိလိပ္ပိ 3:8-14 Judson Bible (JBMLE)
ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း၊ သိကျွမ်းခြင်းငှာ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။ ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှာ ခရစ်တော်သည် ငါ့ကို ကိုင်ဖမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှာ ငါပြေး၍ လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊- ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
ဖိလိပ္ပိ 3:10-14 Common Language Bible (BCL)
ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။- သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။ ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။- ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုရရှိပြီဟုမထင်မှတ်။ ငါပြုသောတစ်ခုတည်းသောအရာကားငါသည်နောက်၌ ရှိသောအရာတို့ကိုမေ့ပစ်ပြီးလျှင်ရှေ့၌ရှိသောအရာ တို့သို့ရောက်ခြင်းငှာအစွမ်းကုန်ကြိုးစား၏။- သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
ဖိလိပ္ပိ 3:10-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ပြင် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုလည်းကောင်း၊ ကိုယ်တော်၏ဒုက္ခဝေဒနာကိုမျှဝေခံယူခြင်းကိုလည်းကောင်း သိရှိ၍ ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်းအခွင့်ကိုရရှိကာ သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းသို့ တစ်နည်းနည်းဖြင့် ရောက်ရှိနိုင်ရန်အတွက်ဖြစ်၏။ ငါသည် ထိုအခွင့်ကိုရရှိပြီ၊ သို့မဟုတ် စုံလင်ခြင်းသို့ရောက်ပြီဟု ဆိုလိုသည်မဟုတ်ဘဲ ခရစ်တော်ယေရှုသည် ထိုအခွင့်အတွက် ငါ့ကို ဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ရန် ကြိုးစားလျက်ရှိ၏။ ညီအစ်ကိုတို့၊ ငါဖမ်းကိုင်ထားပြီဟု ငါကိုယ်တိုင်မမှတ်ယူ။ သို့သော် ငါပြုသောအရာတစ်ခုမှာ နောက်၌ရှိသောအရာများကိုမေ့ထား၍ ရှေ့၌ရှိသောအရာများသို့တက်လှမ်းကာ ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်ခေါ်ယူ၍ ပေးတော်မူမည့်ဆုကိုရရှိရန် ပန်းတိုင်သို့ကြိုးစား၍ပြေး၏။