ဖိလိပ္ပိ 2:14-18
ဖိလိပ္ပိ 2:14-18 Judson Bible (JBMLE)
သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။- သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။- ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
ဖိလိပ္ပိ 2:14-18 Common Language Bible (BCL)
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။- သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။ သင်တို့၏ယုံကြည်ခြင်းကဘုရားသခင်အား ပူဇော်သောယဇ်ပေါ်တွင် ငါ၏အသက်သွေးကို သွန်းလောင်းရမည်ဆိုလျှင် ငါသည်ဝမ်းမြောက် လျက်သင်တို့နှင့်အတူဝမ်းမြောက်သည်။- သင်တို့သည်လည်းဝမ်းမြောက်လျက်ငါနှင့် အတူဝမ်းမြောက်ကြလော့။
ဖိလိပ္ပိ 2:14-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အရာခပ်သိမ်းကို ညည်းညူခြင်းနှင့်ငြင်းခုံခြင်းမရှိဘဲ လုပ်ဆောင်ကြလော့။ ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။ ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။ ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။ ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူဝမ်းမြောက်ကြလော့။