တောလည်ရာ 21:1-9
တောလည်ရာ 21:1-9 Judson Bible (JBMLE)
ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သတင်းကို တောင်မျက်နှာ၌နေသော ခါနာန်အမျိုး အာရဒ်မင်းကြီးကြားလျှင်၊ ဣသရေလအမျိုးကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးသိမ်းသွားလေ၏။ ဣသရေလအမျိုးကလည်း၊ ကိုယ်တော်သည်ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင်၊ သူတို့မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာကတိပြုလေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။ ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊ သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။ ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့်သေကြ၏။ ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် ကြေးဝါဖြင့်မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။
တောလည်ရာ 21:1-9 Common Language Bible (BCL)
ခါနာန်ပြည်တောင်ပိုင်းတွင်အာရဒ်မြို့ကိုအုပ် စိုးသောမင်းသည် ဣသရေလအမျိုးသားများ အသရိမ်လမ်းဖြင့်လာနေကြောင်းသိရလျှင် သူတို့ကိုစစ်ချီတိုက်ခိုက်ရာအချို့ကိုသုံ့ပန်း အဖြစ်ဖမ်းမိလေသည်။- ထိုအခါဣသရေလအမျိုးသားတို့က``ကိုယ် တော်သည်အကျွန်ုပ်တို့အားဤသူတို့ကိုတိုက် ခိုက်အောင်မြင်စေတော်မူလျှင် သူတို့နှင့်သူတို့ ၏မြို့များကိုကိုယ်တော်အားအပြီးအပိုင် ဆက်ကပ်သောပူဇော်သကာအဖြစ်ဖျက်ဆီး ပစ်ပါမည်'' ဟုထာဝရဘုရားအားသစ္စာ ကတိပြုကြလေသည်။- ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။ ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊- ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။- ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။- ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။- ထိုအခါထာဝရဘုရားကမောရှေအား သတ္တု မြွေရုပ်ကိုပြုလုပ်၍တိုင်ထိပ်တွင်တင်ထားရန် ခိုင်းစေတော်မူ၏။ မြွေကိုက်ခံရသောသူသည် မြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်းဆင့်ဆိုစေတော်မူ၏။- ထို့ကြောင့်မောရှေသည်ကြေးဝါမြွေရုပ်ကိုပြု လုပ်၍ တိုင်ထိပ်တွင်တင်ထားရာမြွေကိုက်ခံ ရသောသူသည် မြွေရုပ်ကိုကြည့်လျှင်အသက် ချမ်းသာရာရလေ၏။
တောလည်ရာ 21:1-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နေဂေ့အရပ်၌စံမြန်းသော ခါနာန်လူမျိုး အာရဒ်ဘုရင်သည် အသရိမ်လမ်းဖြင့် အစ္စရေးလူမျိုးတို့လာကြောင်းကို ကြားသောအခါ အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်၍ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့က ထာဝရဘုရားအား “ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အမှန်တကယ်အပ်တော်မူလျှင် အကျွန်ုပ်တို့သည် သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပစ်ပါမည်”ဟု ကတိသစ္စာပြုလေ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏စကားကိုနားညောင်းတော်မူ၍ ခါနာန်လူမျိုးတို့ကို သူတို့လက်သို့ အပ်သဖြင့် ထိုလူမျိုးနှင့်သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပြီး ထိုအရပ်၏အမည်ကို ဟောမာဟု ခေါ်ကြ၏။ ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။ လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ရှိရာသို့ မီးမြွေများကို စေလွှတ်၏။ ထိုမြွေတို့သည် လူတို့ကိုကိုက်သဖြင့် လူများစွာသေကြ၏။ ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။ ထာဝရဘုရားက မောရှေအား “မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌တင်ထားလော့။ အကိုက်ခံရသောသူတိုင်း ထိုမြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရမည်”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ မောရှေသည် ကြေးနီမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌ တင်ထားလေ၏။ မြွေအကိုက်ခံရသောသူသည် ကြေးနီမြွေရုပ်ကိုကြည့်သောအခါ အသက်ချမ်းသာရာရ၏။