တောလည်ရာ 14:1-12
တောလည်ရာ 14:1-12 Judson Bible (JBMLE)
ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံးငိုကြွေးကြ၏။ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ ငါတို့သည်ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှာ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊ တစ်ဖန် လူတစ်စုံတစ်ယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တစ်ယောက်ကိုတစ်ယောက် ဆိုကြ၏။ မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက်နေကြ၏။ ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊ ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။ ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေ ပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။
တောလည်ရာ 14:1-12 Common Language Bible (BCL)
ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။- သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။- ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။- ထိုကြောင့်သူတို့က``ငါတို့ကိုအီဂျစ်ပြည်သို့ ပြန်၍ ပို့ဆောင်မည့်ခေါင်းဆောင်တစ်ဦးကိုရွေး ကြပါစို့'' ဟူ၍အချင်းချင်းပြောဆိုကြ လေသည်။ ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။- ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊- ``ငါတို့စုံစမ်းထောက်လှမ်းခဲ့သောပြည် သည်အလွန်နေထိုင်ဖွယ်ကောင်းသောပြည် ဖြစ်သည်။- ထာဝရဘုရားသည်ငါတို့ကိုစိတ်တော်နှင့် တွေ့လျှင်အစာရေစာပေါကြွယ်ဝ၍ မြေသြ ဇာထက်သန်သောထိုပြည်သို့ပို့ဆောင်လျက် အပိုင်စားပေးတော်မူမည်။- ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။- လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။ ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။- ငါသည်သူတို့ကိုကပ်ရောဂါဖြင့်ဖျက်ဆီး ပစ်မည်။ သို့ရာတွင်ငါသည်သင့်အားသူတို့ ထက်သာ၍များပြား၍ တန်ခိုးကြီးသောလူ မျိုး၏ဖခင်ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
တောလည်ရာ 14:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။ အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။ ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။ ထို့ပြင် သူတို့က “ငါတို့သည် အကြီးအမှူးတစ်ဦးကို တင်မြှောက်၍ အီဂျစ်ပြည်သို့ပြန်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။ ထိုပြည်ကိုစူးစမ်းခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်သည် မိမိတို့အဝတ်ကို ဆုတ်ဖြဲလျက် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် အလွန်တရာသာယာဝပြောသောပြည်ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်တော်မူလျှင် နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုပို့ဆောင်၍ ငါတို့အား ထိုပြည်ကို ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။ သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။ ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။ ငါသည် သူတို့ကို ကပ်ရောဂါဘေးဖြင့် ဒဏ်ခတ်၍ ဖျက်ဆီးမည်။ သင့်ကိုကား သူတို့ထက် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။