YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 8:22-38

ရှင်မာကု 8:22-38 Judson Bible (JBMLE)

ဗက်​ဇဲ​ဒ​မြို့​သို့ ရောက်​တော်​မူ​လျှင်၊ လူ​ကန်း​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ထို​သူ​ကို တို့​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။- ထို​သူ​သည် ကြည့်​မျှော်​လျှင်၊ လူ​တို့​သည် သစ်​ပင်​ကဲ့​သို့​ဖြစ်၍ လှမ်း​သွား​သည်​ကို အ​ကျွန်ုပ် မြင်​ပါ​သည်​ဟု လျှောက်၏။- နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။- ကိုယ်​တော်​က​လည်း၊ မြို့​ထဲ​သို့​မ​ဝင်​နှင့်။ မြို့၌ အ​ဘယ်​သူ​ကို​မျှ မ​ပြော​နှင့်​ဟု မိန့်​တော်​မူ၍ သူ့​ကို မိ​မိ​နေ​ရာ​သို့ လွှတ်​လိုက်​လေ၏။ ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ တ​ပည့်​တော်​တို့​နှင့်​တ​ကွ ကြွ​တော်​မူ​စဉ်၊ လမ်း​ခ​ရီး၌ လူ​များ​တို့​သည် ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည်​ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က ပ​ရော​ဖက်​တစ်​ပါး​ပါး ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ကိုယ်​တော်၏​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။ ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။- ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊- ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ တ​ပည့်​တော်​တို့​ကို ကြည့်​ရှု​လျက်၊ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟူ၍ ပေ​တ​ရု​ကို ဆုံး​မ​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။- မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။- မျောက်​မ​ထား​သော ဤ​လူ​မျိုး​ဆိုး​တွင် အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​သော​အ​ခါ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။

ရှင်မာကု 8:22-38 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။- ကိုယ်​တော်​သည်​မျက်​မ​မြင်​ကို​လက်​ဆွဲ​ကာ​ရွာ အ​ပြင်​သို့​ခေါ်​သွား​တော်​မူ​၏။ သူ​၏​မျက်​စိ​များ ကို​တံ​တွေး​နှင့်​ထွေး​၍ သူ​၏​အ​ပေါ်​မှာ​လက်​တော် ကို​တင်​တော်​မူ​၏။ ထို​နောက် ``သင်​ယ​ခု​မျက်​စိ မြင်​ပြီ​လော'' ဟု​မေး​တော်​မူ​၏။ သူ​သည်​မော်​ကြည့်​ကာ ``အ​ကျွန်ုပ်​သည်​လူ​များ ကို​မြင်​ရ​ပါ​သည်။ သို့​ရာ​တွင်​သူ​တို့​သည်​သစ်​ပင် များ​လမ်း​လျှောက်​နေ​သ​ကဲ့​သို့​ဖြစ်​နေ​ပါ​သည်'' ဟု​လျှောက်​၏။ ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။- ကိုယ်​တော်​သည်​သူ့​အား ``ရွာ​ထဲ​သို့​မ​ဝင်​နှင့်'' ဟု​အ​မိန့်​ပေး​၍​အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ သ​ခင်​ယေ​ရှု​နှင့်​တ​ပည့်​တော်​တို့​သည် ကဲ​သ​ရိ ဖိ​လိပ္ပု​ကျေး​ရွာ​များ​သို့​သွား​ကြ​၏။ လမ်း​တွင် ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ်​သူ ဖြစ်​သည်​ဟု ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု တ​ပည့်​တော်​တို့​အား​မေး​တော်​မူ​၏။- ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က မူ​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟူ​၍​ပြော​ဆို​ကြ ပါ​သည်'' ဟု​တ​ပည့်​တော်​တို့​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ သည်'' ဟု​ဖြေ​ဆို​လျှောက်​ထား​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​မည်​သူ​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်'' ဟု​တ​ပည့်​တော် တို့​အား​ပညတ်​တော်​မူ​၏။ ကိုယ်​တော်​က ``လူ​သား​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း​တတ်​ဆ​ရာ​များ သည်​လူ​သား​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ သူ​သည် အ​သတ်​ခံ​ရ​မည်။ သို့​သော်​အ​သတ်​ခံ​ရ​ပြီး​နောက် သုံး​ရက်​ကြာ​သော်​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​၏။- ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။- ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​လျက် ပေ​တ​ရု​အား ``အ​ချင်း​စာ​တန်၊ ငါ့​ထံ​မှ​ခွာ​သွား​လော့။ သင်​သည်​ဘု​ရား​သ​ခင် ၏​ရှု​ထောင့်​က​မ​တွေး၊ လူ​၏​ရှု​ထောင့်​က​သာ တွေး​၏'' ဟု​ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​ပ​ရိ​သတ်​ကို အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​တ​ပည့် ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​စွန့်​ရ​မည်။ ကိုယ့် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ လိုက်​ရ​မည်။- မိ​မိ​၏​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည် အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​အ​တွက်​အ​သက် ဆုံး​ရှုံး​ရ​သူ​သည် မိ​မိ​၏​အ​သက်​ကို​ကယ် ဆယ်​လိမ့်​မည်။- လူ​သည်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ သော်​လည်း မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။- မိ​မိ​၏​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် အ​ဘယ် အ​ရာ​နှင့်​ရွေး​ယူ​နိုင်​မည်​နည်း။- ဘု​ရား​တ​ရား​မဲ့​၍​ဆိုး​သွမ်း​သော​ဤ​ခေတ်​ဤ အ​ခါ​၌ မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါ​ဒ ကြောင့်​ရှက်​လျှင် လူ​သား​သည်​လည်း​ခ​မည်း​တော် ၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​၍​သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​တို့​နှင့်​ကြွ​လာ​သော​အ​ခါ ထို​သူ​ကြောင့်​ရှက်​တော်​မူ​လ​တ္တံ့'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။

ရှင်မာကု 8:22-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် ဗက်ဇဲဒ​မြို့​သို့​ရောက်​ကြ​သောအခါ လူ​တို့​သည် မျက်မမြင်​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​၍ သူ့​ကို​တို့ထိ​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည် မျက်မမြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အပြင်​သို့​ခေါ်သွား​တော်မူ​ပြီးလျှင် သူ​၏​မျက်စိ​ပေါ်သို့ တံတွေး​ထွေး​ကာ သူ့​အပေါ်​လက်​တော်​တင်​လျက်“တစ်စုံတစ်ခု​ကို​မြင်​ရ​သလော”​ဟု မေး​တော်မူ​၏။ သူ​သည် မော့ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်ပင်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး လမ်းလျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။ ကိုယ်တော်​က​လည်း“ရွာ​ထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို မိမိ​အိမ်​သို့ ပြန်လွှတ်​တော်မူ​၏။ ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိ​နယ်​ရှိ ကျေးရွာ​များ​သို့​ကြွ​တော်မူ​၏။ လမ်း​ခရီး​၌ တပည့်​တော်​တို့​အား“လူ​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆို​ကြ​၍ အချို့​တို့​က​လည်း ပရောဖက်​များ​ထဲမှ​တစ်ပါးပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ထိုအခါ ကိုယ်တော်​သည် မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သတိပေး​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​ကြာ​သောအခါ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား သွန်သင်​တော်မူ​၏။ ကိုယ်တော်​သည် ထို​အကြောင်းအရာ​ကို အတိအလင်း​မိန့်​တော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​လေ​၏။ သို့သော် ကိုယ်တော်​သည် လှည့်​၍ တပည့်​တော်​များ​ကို​ကြည့်ရှု​လျက် ပေတရု​ကို​ဆုံးမ​ကာ“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို​မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​များ​နှင့်တကွ လူထု​ပရိသတ်​ကို​ခေါ်​၍“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ​နှင့်​ကောင်းမြတ်​သော​သတင်း​အတွက် မိမိ​အသက်​ကို ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။ လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်းအားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။ အကြောင်းမူကား ဖောက်ပြန်​၍ အပြစ်​နှင့်​ပြည့်​နေ​သော ဤ​ခေတ်ကာလ​၌ မည်သူမဆို ငါ​နှင့်​ငါ့​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း သန့်ရှင်း​သော​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။