ရှင်မဿဲ 26:26-44
ရှင်မဿဲ 26:26-44 Judson Bible (JBMLE)
ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။- ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။- ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။- ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။- သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်ဟု မိန့်တော်မူသော်၊- ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။
ရှင်မဿဲ 26:26-44 Common Language Bible (BCL)
ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။ စပျစ်ရည်ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက်တပည့်တော်တို့အားပေးတော် မူ၏။ ကိုယ်တော်က ``သင်တို့အားလုံးသောက်ကြ လော့။- ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။- သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။ ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။- သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ ပေတရုက ``အခြားသူအပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်ကြသော်လည်းအကျွန်ုပ် သည်အဘယ်အခါမျှစွန့်ပစ်မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။- သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား၊ ယနေ့ည၌ပင်ကြက်မတွန်မီသင် သည်ငါ့ကိုမသိဟုသုံးကြိမ်တိုင်တိုင်ငြင်းဆို လိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။ ပေတရုက ``အကျွန်ုပ်သည်ကိုယ်တော်နှင့်အတူ သေပင်သေရပါစေ၊ ကိုယ်တော်ကိုမသိဟုငြင်း ဆိုမည်မဟုတ်ပါ'' ဟုလျှောက်ထား၏။ အခြား တပည့်တော်တို့သည်လည်းဤနည်းအတိုင်း လျှောက်ထားကြ၏။ ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊- ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊- ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။- ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။- စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။- ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။ ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။
ရှင်မဿဲ 26:26-44 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အားပေးလျက်“သင်တို့အားလုံး ဤခွက်ကိုသောက်ကြလော့။ ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။ သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။ ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးအုပ်သည် ကွဲလွင့်သွားရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ ဤည၌ သင်တို့အားလုံးသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “ကိုယ်တော်ကြောင့် အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စိတ်ပျက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူသေရလျှင်ပင် ကိုယ်တော်ကို လုံးဝမငြင်းပယ်ပါ”ဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။ ထို့နောက် ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ငါသည် ထိုနေရာသို့သွား၍ ဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု မိန့်တော်မူပြီးလျှင် ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့် “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“သင်တို့သည် တစ်နာရီမျှ ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။