ရှင်မဿဲ 26:26-32
ရှင်မဿဲ 26:26-32 Judson Bible (JBMLE)
ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။- ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။- ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။- ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။- ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။- သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်ဟု မိန့်တော်မူသော်၊
ရှင်မဿဲ 26:26-32 Common Language Bible (BCL)
ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။ စပျစ်ရည်ခွက်ကိုလည်းယူ၍ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက်တပည့်တော်တို့အားပေးတော် မူ၏။ ကိုယ်တော်က ``သင်တို့အားလုံးသောက်ကြ လော့။- ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။- သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မသီချင်းကိုဆိုပြီးနောက်သံလွင်တောင်သို့ ထွက်သွားကြ၏။ ထိုနောက်သခင်ယေရှုက ``ကျမ်းစာတော်တွင် `ဘုရား သခင်သည်သိုးထိန်းကိုရိုက်သဖြင့်သိုးတို့သည် ကစဥ့်ကရဲဖြစ်ကြလိမ့်မည်' ဟုပါရှိသည်နှင့် အညီယနေ့ည၌ပင်လျှင်သင်တို့သည်ငါ့ကို စွန့်ပစ်၍ပြေးကြလိမ့်မည်။- သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မဿဲ 26:26-32 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အားပေးလျက်“သင်တို့အားလုံး ဤခွက်ကိုသောက်ကြလော့။ ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။ သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။ ထိုအခါ ယေရှုက“ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးအုပ်သည် ကွဲလွင့်သွားရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ ဤည၌ သင်တို့အားလုံးသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။