ရှင်မဿဲ 26:1-13
ရှင်မဿဲ 26:1-13 Judson Bible (JBMLE)
ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင် ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊- နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။- သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊- မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက် တစ်လုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။- တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။- ထိုဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆိုကြ၏။- ယေရှုသည် သိတော်မူလျှင်၊ ထိုမိန်းမကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကိုပြုပြီ။- ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ် ရှိသည်မဟုတ်။- ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။- ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်မဿဲ 26:1-13 Common Language Bible (BCL)
ဤသို့ဟောပြောသွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က၊ ``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။ ထိုအချိန်၌ပင်ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည်ကယာဖ နာမည်ရှိသောယဇ်ပုရောဟိတ်မင်း၏ကျောင်း တော်ဝင်းအတွင်းတွင်စုရုံးလျက်နေကြ၏။- သူတို့သည်သခင်ယေရှုကိုတိတ်တဆိတ် ဖမ်းဆီး၍သတ်ရန်ဆွေးနွေးတိုင်ပင်ကြ၏။- သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။ သခင်ယေရှုသည်ဗေသနိရွာတွင်အရေပြား ရောဂါစွဲကပ်ခဲ့ဖူးသူရှိမုန်၏အိမ်၌ရှိ၍ အစားအစာသုံးဆောင်လျက်နေတော်မူ သောအခါ၊- အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။- ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် အမျက်ထွက်၍ ``အဘယ်ကြောင့်ဤသို့ဖြုန်းတီး ပါသနည်း။- ဤဆီမွှေးကိုငွေအမြောက်အမြားနှင့်ရောင်း ၍ဆင်းရဲသူများအားပေးကမ်းသင့်၏'' ဟု ဆိုကြသည်။ သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။- ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။- ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 26:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ဤတရားစကားအားလုံးတို့ကို မိန့်တော်မူပြီးသောအခါ တပည့်တော်တို့အား “ပသခါပွဲတော်ကျရောက်ရန် နှစ်ရက်သာလိုတော့သည်ကို သင်တို့သိကြ၏။ ထိုအခါ လူ့သားကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက် ယေရှုကို ပရိယာယ်အားဖြင့်ဖမ်းဆီး၍ သတ်ဖြတ်ရန် တိုင်ပင်ကြ၏။ သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။ ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်၌ ယေရှုရှိတော်မူစဉ် အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင်နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။ တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။ ယေရှုသည် သိတော်မူ၍“ဤအမျိုးသမီးကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ အမှန်စင်စစ် သူသည် ငါ့အတွက် ကောင်းသောအမှုကိုပြုလေပြီ။ အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိသည်မဟုတ်။ ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။ သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။