ရှင်မဿဲ 14:22-27
ရှင်မဿဲ 14:22-27 Judson Bible (JBMLE)
ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက်သို့ အရင် ကူးစေတော်မူ၏။- စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။- လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။- ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။- ယေရှုသည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 14:22-27 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။- လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။- တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။ မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။- ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။ ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 14:22-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။ လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။ ထိုစဉ် လှေသည် ကမ်းမှအတော်ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။ မိုးသောက်ယံအချိန်၌ ကိုယ်တော်သည် ပင်လယ်ပေါ်တွင် လမ်းလျှောက်လျက် သူတို့ထံသို့ ကြွတော်မူ၏။ တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တုန်လှုပ်ချောက်ချား၍ “တစ္ဆေ”ဟု အလန့်တကြားအော်ဟစ်ကြ၏။ သို့သော် ယေရှုက“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။