ရှင်ယောဟန် 1:1-18
ရှင်ယောဟန် 1:1-18 Judson Bible (JBMLE)
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။- ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။- ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ။ ယောဟန်အမည်ရှိသော သူတစ်ယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။- ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာလာ၏။- ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာလာ၏။- ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။- ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။- ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသား ဖြစ်သတည်း။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။- ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။- ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။- ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ရှင်ယောဟန် 1:1-18 Common Language Bible (BCL)
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။- နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။- ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။- ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။- ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။ ဘုရားသခင်သည်ယောဟန်ဆိုသူအားမိမိ ၏စေတမန်အဖြစ်ဖြင့်စေလွှတ်တော်မူ၏။- တရားတော်ကိုလူအပေါင်းတို့ကြား၍ ယုံကြည်လာစိမ့်သောငှာ ထိုသူသည်အလင်း တော်အကြောင်းကိုသက်သေခံရန်လာ၏။- သူသည်အလင်းတော်မဟုတ်။ အလင်းတော် အကြောင်းကိုသက်သေခံရန်လာသူဖြစ်၏။- ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။ နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။- ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။- သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။- ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။ နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။ ကိုယ်တော်၏အကြောင်းကိုယောဟန်ဟောပြော၏။ ယောဟန်က ``ငါ၏နောက်ကြွလာသူသည်ငါ မမွေးမီကပင်ရှိနေနှင့်သဖြင့်ငါ့ထက်ကြီး မြတ်သူဖြစ်သည်ဟုငါသက်သေခံခဲ့သူကား ဤအရှင်ပင်တည်း'' ဟုကြွေးကြော်လေသည်။ ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။- ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။- လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ရှင်ယောဟန် 1:1-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။ နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်း၍ မှောင်မိုက်သည် သူ့ကိုမလွှမ်းမိုးနိုင်။ ဘုရားသခင်ထံမှစေလွှတ်ခြင်းခံရသော ယောဟန်အမည်ရှိသူတစ်ဦးပေါ်ထွန်းလာ၏။ လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။ သူသည်အလင်းမဟုတ်။ အလင်း၏အကြောင်းကိုသက်သေခံရန်သာလာ၏။ စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။ ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။ ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။ သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။ နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။ ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။ အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။ အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။ ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။