တရားသူကြီး 11:1-40
တရားသူကြီး 11:1-40 Judson Bible (JBMLE)
ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည့်တန်ဆာဖြစ်၏။ ဂိလဒ်၏မယား ဖွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကိုဆို၍ နှင်ထုတ်လေ၏။ ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာစည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။ နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့သည် ယေဖသကို တောဘပြည်မှခေါ်ခြင်းငှာသွား၍၊ ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်းလုပ်ပါဟု မှာလိုက်သော်၊ ယေဖသက၊ သင်တို့သည် ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။ ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွတ်လုပ်ပါဟု ယေဖသအားတောင်းပန်ပြန်သော်၊ ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှာ သင်တို့သည် ငါ့ကိုပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွတ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။ ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့်သွား၍ သူ့ကို လူများတို့၏အထွတ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။ ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှာ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊ အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။ တစ်ဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊ ယေဖသမှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှရွာသို့ ရောက်သောအခါ၊ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။ နောက်တစ်ဖန် တောကိုလျှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည်အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တစ်ဖက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြား ဖြစ်သတည်း။ တစ်ဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှာ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို လျှောက်သွားစေခြင်းငှာ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတစ်လျှောက်လုံးကို သိမ်းယူကြ၏။ အာမောရိပြည် နယ်မြေတစ်လျှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။ ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုးရှေ့မှာ သူတို့ပြည်ကို နုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။ သင်၏ဘုရား ခေမုရှအပိုင်ပေးသောမြေကို သင်သိမ်းယူရသည် မဟုတ်လော။ ထိုအတူ ငါတို့ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည်သိမ်းယူရ၏။ သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဖူးသလော။ စစ်တိုက်ဖူးသလော။ ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌လည်းကောင်း၊ အာရော်မြို့ရွာတို့၌လည်းကောင်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌လည်းကောင်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။ သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့ တရားစီရင် ဆုံးဖြတ်တော်မူပါစေသောဟု မှာလိုက်လေ၏။ သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကိုလျှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။ ယေဖသသည် ထာဝရဘုရားအား သစ္စာကတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊ အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှာ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ် ပူဇော်ပါမည်ဟု သစ္စာကတိထားပြီးမှ၊ အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊ အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်လည်းကောင်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်လည်းကောင်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။ ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက် ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၏။ သူသည် တစ်ယောက်တည်းသောသမီးဖြစ်၍၊ သူမှတစ်ပါး သားသမီးမရှိ။ ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ယှက်သောသူတစ်ယောက် ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နုတ်ရသောအခွင့်မရှိဟု ဆိုသော်၊ သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။ သို့ရာတွင် ကျွန်မသည် အပေါင်းအဖော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊ အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကိုချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဖော်တို့နှင့်တကွသွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။ နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာကတိရှိသည်အတိုင်းပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသောသူဖြစ်၏။ ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှာသွားရသော ဣသရေလထုံးစံဓလေ့ဖြစ်လေ၏။
တရားသူကြီး 11:1-40 Common Language Bible (BCL)
သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊- မယားနှင့်ရသောသားများလည်းရှိ၏။ ထို သူတို့သည်ကြီးပြင်းလာသောအခါ ယေ ဖသအားနေအိမ်မှနှင်ထုတ်လိုက်ကြ၏။ သူတို့က``သင်သည်အခြားမိန်းမနှင့်ရ သောသားဖြစ်သဖြင့် ငါတို့ဖခင်၏အမွေ ကိုခံရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။- ယေဖသသည်လည်းမိမိ၏ညီအစ်ကိုများ ထံမှထွက်ပြေး၍ တောဘပြည်၌နေထိုင် လေသည်။ ထိုအရပ်၌သူသည်အခြေအနေ မဲ့သူလူတစ်စု၏လေးစားမှုကိုခံရ သဖြင့် ထိုသူတို့သည်သူ၏နောက်သို့ လိုက်ကြလေသည်။ ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။- ထိုအခါဂိလဒ်ပြည်၏ခေါင်းဆောင်တို့သည် ယေဖသကိုခေါ်ယူရန်တောဘပြည်သို့သွား၍၊- သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။ သို့ရာတွင်ယေဖသက``သင်တို့သည်ငါ့ကို အလွန်မုန်းသဖြင့်အဖအိမ်မှနှင်ထုတ်ခဲ့ ကြ၏။ ယခုဒုက္ခရောက်သောအခါကျမှ အဘယ်ကြောင့်ငါ့ထံသို့လာကြပါသနည်း'' ဟုပြန်ပြောလေသည်။ သူတို့သည်ယေဖသအား``ယခုသင့်ထံသို့ ငါတို့လာကြသည်မှာအမ္မုန်အမျိုးသားတို့ အား ငါတို့နှင့်အတူသွားရောက်တိုက်ခိုက်ရန် နှင့်ဂိလဒ်ပြည်သားအပေါင်းတို့အားခေါင်း ဆောင်စေရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ ယေဖသက``အကယ်၍သင်တို့သည်အမ္မုန် အမျိုးသားတို့အား တိုက်ခိုက်ရန်ငါ့ကိုအိမ် သို့ပြန်လည်ခေါ်ဆောင်သဖြင့် ထာဝရဘုရား ကလည်းငါ့အားအောင်ပွဲခံစေတော်မူသည် ဆိုပါလျှင် ငါသည်သင်တို့၏ဘုရင်ဖြစ်လာ ရမည်'' ဟုပြန်ပြောလေသည်။ ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။- ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။ ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။ အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။ ယေဖသသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုပြန်လည်စေလွှတ်ကာဤသို့ဖြေ ကြား၏။ ``မောဘပြည်ကိုသော်လည်းကောင်း၊ အမ္မုန်ပြည်ကိုသော်လည်းကောင်း ဣသရေလ အမျိုးသားတို့သိမ်းယူခဲ့ကြသည်ဆိုသည် မှာမဟုတ်မမှန်ပါ။- အဖြစ်မှန်မှာဣသရေလအမျိုးသားတို့ သည် အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ၌သူတို့သည်သဲကန္တာရကိုဖြတ်၍ အာက ဘာပင်လယ်ကွေ့အနီးကာဒေရှမြို့သို့ ရောက်ရှိကြ၏။- ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။- ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။- ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟေရှဘုန်မြို့ရှိအာမောရိလူမျိုးတို့၏ ဘုရင်၊ ရှိဟုန်ထံသို့စေလွှတ်ပြီးလျှင်သူ ၏ပြည်ကိုဖြတ်ကျော်ကာ မိမိတို့ပြည်သို့ သွားရောက်ခွင့်ပြုရန်ပန်ကြားလျှောက် ထားကြ၏။- သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။- သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။- သူတို့သည်တောင်သို့လားသော်အာနုန်မြစ်၊ မြောက်သို့လားသော်ယဗ္ဗုတ်မြစ်တိုင်အောင် လည်းကောင်း၊ အရှေ့သို့လားသော်သဲကန္တာရ၊ အနောက်သို့လားသော်ယော်ဒန်မြစ်တိုင်အောင် လည်းကောင်းအာမောရိနယ်မြေရှိသမျှ ကိုသိမ်းယူကြ၏။- သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။- သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။- သင်သည်မိမိကိုယ်ကိုမောဘဘုရင်၊ ဇိဖော် ၏သားဗာလက်ထက်ပိုမိုကြီးမြတ်သည်ဟု ထင်မှတ်ပါသလော။ သူသည်ဣသရေလ လူမျိုးကိုရန်ပြု၍တိုက်ခိုက်ဖူးပါသ လော။- ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။- ငါသည်သင့်အားအဘယ်သို့မျှမပြစ်မှား။ သင်သာလျှင်ငါ့အားစစ်တိုက်ခြင်းဖြင့် အမှားကိုပြု၏။ ထာဝရဘုရားသည်တရား သူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သည်ဣသ ရေလအမျိုးသားနှင့်အမ္မုန်အမျိုးသား တို့စပ်ကြား၌ ယနေ့တရားစီရင်ဆုံး ဖြတ်တော်မူပါလိမ့်မည်။-'' သို့ရာတွင်အမ္မုန်ဘုရင်သည်ယေဖသပြန် လည်ဖြေကြားသောစကားကိုမည်သို့မျှ ပမာဏမပြုချေ။ ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။- သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊- အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။'' သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။- သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။ ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။- ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။ သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။- သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။- ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။- နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊- ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။
တရားသူကြီး 11:1-40 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဂိလဒ်ပြည်သား ယေဖသသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်ဦးဖြစ်၏။ ယေဖသ၏ဖခင်မှာ ဂိလဒ်ဖြစ်ပြီး မိခင်မှာ ပြည့်တန်ဆာမဖြစ်၏။ ဂိလဒ်၏မယားသည် သားတို့ကိုမွေးဖွား၏။ ထိုမယား၏သားတို့ ကြီးပြင်းလာသောအခါ ယေဖသအား “သင်သည် အခြားမိန်းမ၏သားဖြစ်သောကြောင့် ငါတို့အဖ၏အိမ်သူအိမ်သားတို့နှင့်အတူ အမွေမခံရ”ဟု ဆို၍နှင်ထုတ်ကြ၏။ ထို့ကြောင့် ယေဖသသည် ညီအစ်ကိုတို့ထံမှ ထွက်သွား၍ တောဘပြည်တွင် နေထိုင်၏။ အခြေအနေမဲ့သူတို့သည် သူ့ထံစုရုံးလာ၍ သူနှင့်လိုက်နေကြ၏။ ထိုသို့ဖြစ်ပျက်ပြီးနောက်တွင် အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လာကြ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးများကို တိုက်ခိုက်လာသောအခါ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့သည် တောဘပြည်၌နေသော ယေဖသကို သွားခေါ်ကြ၏။ သူတို့က ယေဖသအား “လာပါ။ ငါတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်နိုင်ရန် ငါတို့ကို ဦးဆောင်ပါ”ဟု ဆိုကြ၏။ ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “သင်တို့သည် ငါ့ကိုမုန်း၍ ငါ့ဖခင်၏အိမ်မှ ငါ့ကိုနှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ ယခု သင်တို့ဒုက္ခရောက်မှ အဘယ်ကြောင့် ငါ့ထံလာကြသနည်း”ဟု ပြန်ပြော၏။ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထို့ကြောင့်ပင် ယခု သင့်ထံသို့ လာခဲ့ခြင်းဖြစ်၏။ ဂိလဒ်ပြည်သားတို့ကို ဦးဆောင်၍ အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ရန် ငါတို့နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုကြ၏။ ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “အမ္မုန်အမျိုးသားတို့ကိုတိုက်ခိုက်ရန် သင်တို့သည် ငါ့ကိုပြန်ခေါ်၍ ထာဝရဘုရားသည်လည်း အမ္မုန်အမျိုးသားတို့ကို ငါ့လက်သို့အပ်တော်မူမည်ဆိုလျှင် ငါသည် သင်တို့၏ခေါင်းဆောင်ဖြစ်လာရမည်”ဟု ပြန်ပြော၏။ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့ကလည်း ယေဖသအား “ထာဝရဘုရား ကြားသိတော်မူပါ၏။ သင်ပြောသည့်အတိုင်း ငါတို့လုပ်ပါမည်”ဟု ဆိုကြ၏။ ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။ ထို့နောက် ယေဖသသည် အမ္မုန်ဘုရင်ထံ တမန်ကို စေလွှတ်၍ “သင်နှင့်ငါ့အကြား၌ အဘယ်အကြောင်းရှိ၍ သင်သည် ငါ့ပြည်ကို လာတိုက်ရသနည်း”ဟု မေးလေသော် အမ္မုန်ဘုရင်က “အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ ဂျော်ဒန်မြစ်တစ်လျှောက် သိမ်းယူခဲ့သော ငါ့ပြည်ကို ယခု အေးအေးဆေးဆေးပြန်ပေးပါ”ဟု ယေဖသ၏တမန်တို့အား ပြန်ပြော၏။ တစ်ဖန် ယေဖသသည် တမန်တို့ကို အမ္မုန်ဘုရင်ထံသို့ စေလွှတ်၏။ တမန်က အမ္မုန်ဘုရင်အား “ယေဖသက ‘အစ္စရေးလူမျိုးတို့သည် မောဘပြည်၊ အမ္မုန်ပြည်ကို သိမ်းယူခဲ့သည်မဟုတ်။ အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က ပင်လယ်နီတိုင်အောင် တောကန္တာရကို ဖြတ်လျှောက်ပြီး ကာဒေရှအရပ်ကိုရောက်ခဲ့၏။ ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။ ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။ တစ်ဖန် အစ္စရေးလူမျိုးတို့သည် ဟေရှဘုန်မြို့တွင် နန်းစံသောအာမောရိဘုရင်ရှိဟုန်မင်းကြီးထံ တမန်ကိုစေလွှတ်၍ အစ္စရေးလူမျိုးတို့က “အကျွန်ုပ်တို့၏နေရပ်သို့သွားရန် သင့်ပြည်ကိုဖြတ်ခွင့်ပြုပါ”ဟု လျှောက်ဆိုစေသော်လည်း ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမယုံသဖြင့် နယ်မြေကို ဖြတ်ခွင့်မပေး။ ထို့ပြင် ရှိဟုန်မင်းကြီးသည် မိမိလူတို့ကို စုရုံးပြီး ယာဟတ်မြို့၌တပ်ချကာ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ သို့သော် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ရှိဟုန်မင်းကြီးမှစ၍ သူ့လူတို့ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးလူမျိုးတို့သည် သူတို့ကိုတိုက်၍ အာမောရိပြည်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့၏။ အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ တောကန္တာရမှ ဂျော်ဒန်မြစ်တိုင်အောင် အာမောရိနယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြ၏။ စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အာမောရိလူမျိုးတို့ကို မိမိလူမျိုးတော်အစ္စရေးတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့ခြင်းဖြစ်၏။ ယခုမှာ သင်သည် ထိုပြည်ကို ပြန်သိမ်းပိုက်လိုသလော။ သင်၏ဘုရား ခေမုရှ ပေးသောပြည်ကို သင်ပိုင်သည်မဟုတ်လော။ ထိုနည်းတူ ငါတို့၏ဘုရားသခင်ထာဝရဘုရားပေးသောပြည်ကို ငါတို့ပိုင်၏။ သင်သည် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးထက် သာ၍မြတ်သလော။ သူသည် အစ္စရေးလူမျိုးကို ရန်တွေ့ဖူးသလော၊ စစ်တိုက်ဖူးသလော။ အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။ အကျွန်ုပ်သည် သင့်ကို အမှားပြုမိသည်မဟုတ်။ သင်ကသာ အကျွန်ုပ်ကို တိုက်ခိုက်ပြီးအမှားလုပ်မိပြီ။ ယနေ့ တရားသူကြီးထာဝရဘုရားကသာ အစ္စရေးအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့ကြား တရားစီရင်ပါစေ’ဟူ၍ မှာကြားလိုက်သည်”ဟု ဆိုလေ၏။ သို့သော် အမ္မုန်ဘုရင်သည် ယေဖသမှာလိုက်သောစကားကို နားမထောင်ပေ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။ ယေဖသက “ကိုယ်တော်သည် အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်ဆိုလျှင် အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။ ထို့နောက် ယေဖသသည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်လေ၏။ ထာဝရဘုရားကလည်း သူတို့ကို ယေဖသလက်သို့ အပ်တော်မူ၏။ ယေဖသသည် အာရော်မြို့မှ မိန္နိတ်မြို့၊ အာဗေလခေရမိမ်မြို့တို့အထိ မြို့ပေါင်းနှစ်ဆယ်ကို အကြီးအကျယ်လုပ်ကြံတိုက်ခိုက်၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးအမျိုးသားတို့ကို ရှုံးနိမ့်ရလေ၏။ ယေဖသသည် မိဇပါမြို့ရှိ မိမိအိမ်သို့ပြန်လာသောအခါ သူ၏သမီးသည် သူ့ကိုကြိုဆိုရန် ပတ်သာတီးလျက်၊ ကခုန်လျက် ထွက်လာလေ၏။ သူသည် တစ်ဦးတည်းသောသမီးဖြစ်၏။ ထိုသမီးမှလွဲ၍ သူ၌ အခြားသောသားသမီး မရှိ။ ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။ သမီးဖြစ်သူက ဖခင်အား “အဖေသည် ထာဝရဘုရားထံ ကတိသစ္စာပြုပြီဖြစ်၍ ကတိထားသည့်အတိုင်း ပြုပါလော့။ အဖေ၏ရန်သူအမ္မုန်အမျိုးသားတို့အား လက်တုံ့ပြန်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ သို့သော် အဖေ့ကို တစ်ခုတောင်းဆိုပါရစေ။ အကျွန်ုပ်ကို နှစ်လခွင့်ပြုပါ။ အကျွန်ုပ်သည် အကျွန်ုပ်အဖော်များနှင့်အတူ တောင်ပေါ်တွင် သွား၍ အပျိုစင်ဘဝအဖြစ်ကို ငိုကြွေးပါရစေ”ဟု တောင်းဆိုလေ၏။ ဖခင်က “သွားလော့”ဟု ဆို၍ သူ့အား နှစ်လသွားခွင့်ပြုလိုက်၏။ သူသည် မိန်းကလေးအဖော်များနှင့်အတူ တောင်ပေါ်သို့ သွားကာ အပျိုစင်ဘဝနှင့်အသက်စွန့်ရမည့်အဖြစ်ကို ငိုကြွေးကြလေ၏။ နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။ ထိုနေ့မှစ၍ အစ္စရေးသမီးပျိုတို့သည် ဂိလဒ်အမျိုးသား၊ ယေဖသ၏သမီးအတွက် တစ်နှစ်လျှင်လေးရက် နှစ်စဉ်သတိရအောက်မေ့လေ့ရှိကြ၏။