YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 44:24-28

ဟေရှာယ 44:24-28 Judson Bible (JBMLE)

သင့်​ကို ရွေး​နုတ်​တော်​မူ၍၊ ဖွား​စ​က​ပင် သင့်​ကို ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မိုး​ကောင်း​ကင်​ကို ငါ​တစ်​ပါး​တည်း​ကြက်​လျက်၊ မြေ​ကြီး​ကို အ​ဖော်​မ​ရှိ​ဘဲ ခင်း​လျက်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။ ငါ​သည် ငါ့​ကျွန်၏​စ​ကား​ကို​တည်​စေ၍၊ ငါ့​တ​မန်​တို့​ဟော​ပြော​သည်​အ​တိုင်း ပြု​တတ်၏။ ယေ​ရု​ရှ​လင်​မြို့​ကို သင်​သည် လူ​နေ​ရာ​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ယု​ဒ​မြို့​တို့​ကို သင်​တို့​သည် တည်​ဆောက်​လျက် ရှိ​ကြ​လိမ့်​မည်။ ပြို​ပျက်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်​ဟူ၍​လည်း​ကောင်း​ဆို၏။ ပင်​လယ်​ကို​လည်း ရေ​ကုန်​စေ။ သင်၏​မြစ်​အ​ပေါင်း​ကို ငါ​ခန်း​ခြောက်​စေ​မည် ဟူ၍​လည်း​ကောင်း၊ ကု​ရု​မင်း​ကို​လည်း၊ သင်​သည် ငါ့​သိုး​ထိန်း​ဖြစ်၏။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ပြည့်​စုံ​စေ​လျက်၊ ယေ​ရု​ရှ​လင်​မြို့​တည်​ဆောက်​စေ၊ ဗိ​မာန်​တော်​တိုက်​မြစ်​ကျ​စေ​ဟု စီ​ရင်​လိမ့်​မည်​ဟူ၍​လည်း​ကောင်း ငါ​ဆို၏။

ဟေရှာယ 44:24-28 Common Language Bible (BCL)

``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။ ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။ သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။ ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။ ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

ဟေရှာယ 44:24-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင့်​ကို ရွေးနုတ်​တော်မူ​သော​အရှင်​၊ သင့်​ကို အမိ​ဝမ်း​ထဲကပင် ပုံဖော်ဖန်ဆင်း​တော်မူ​သော​အရှင်​ထာဝရဘုရား​က “​ငါ​ထာဝရဘုရား​သည် အရာ​ခပ်သိမ်း​ကို​ဖန်ဆင်း​၏​။ မိုးကောင်းကင်​ကို ငါ​တစ်ပါးတည်း​ဖြန့်ကြက်​၏​။ မြေကြီး​ကို ငါ​တစ်ပါးတည်း​ခင်းကျင်း​၏​။ ငါ​သည် ပရောဖက်​အတုအယောင်​တို့​၏​နိမိတ်လက္ခဏာ​များ​ကို ပယ်ဖျက်​၏​။ ဂမ္ဘီရပညာ​တတ်မြောက်​သူ​တို့​ကို ရူးသွပ်​စေ​၏​။ ပညာရှိ​တို့​ကို နောက်ပြန်​လှန်​စေ​၍ သူ​တို့​၏​အသိပညာ​ကို မိုက်မဲ​စေ​၏​။ ငါ​သည် ငါ့​အစေအပါး​၏​စကား​ကို တည်​စေ​၏​။ ငါ့​စေတမန်​တို့​၏​အကြံဉာဏ်​ကို အထမြောက်​စေ​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​သည် လူ​တို့​နေထိုင်​ရာ​အရပ်​ဖြစ်​လိမ့်မည်​’​ဟူ၍​လည်းကောင်း​၊ ယုဒ​မြို့​တို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​တို့​သည် တည်ဆောက်​ခြင်း​ခံရ​မည်​။ မြို့​၏​ပြိုပျက်​ရာ​တို့​ကို ငါ​ပြန်လည်​ထူထောင်​မည်​’​ဟူ၍​လည်းကောင်း ငါ​မိန့်ဆို​၏​။ ငါ​သည် သမုဒ္ဒရာ​ကို ‘​ခန်းခြောက်​လော့​။ သင်​၏​မြစ်​တို့​ကို​လည်း ငါ​ခြောက်သွေ့​စေ​မည်​’​ဟု မိန့်ဆို​၏​။ ကုရု​မင်းကြီး​နှင့်​ပတ်သက်၍ ‘​သူ​သည် ငါ​၏​သိုးထိန်း​ဖြစ်၍ ငါ့​အလိုဆန္ဒ​ရှိသမျှ​ကို သူ​ပြည့်စုံ​စေ​မည်​’​ဟု ငါ​မိန့်ဆို​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​ကို တည်ဆောက်​ကြ​လိမ့်မည်​’​၊ ဗိမာန်တော်​နှင့်​ပတ်သက်၍ ‘​ဗိမာန်တော်​ကို အုတ်မြစ်ချ​ကြ​လိမ့်မည်​’​ဟု ငါ​မိန့်ဆို​၏​”​ဟူ၍ မိန့်​တော်မူ​၏​။