ဟေရှာယ 16:1-14
ဟေရှာယ 16:1-14 Judson Bible (JBMLE)
မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။ သေလမြို့မှတောတစ်လျှောက်လုံး၊ ဇိအုန်သတို့သမီး၏တောင်သို့ ပေးလိုက်ကြလော့။ မိမိအသိုက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာရှိကြလိမ့်မည်။ အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေလော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသောသူတို့ကို မပြနှင့်။ မောဘပြည်မှနှင်ထုတ်သော သူတို့သည် သင်နှင့်အတူ နေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှလွတ်စေခြင်းငှာ သူတို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲသောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသောသူတို့ကို မြေပေါ်ကပယ်ရှင်းလေပြီ။ ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။ မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသောမာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောတတ်၏။ ထိုကြောင့်၊ မောဘသည် မိမိအတွက် ညည်းတွားမြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်းတွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ ပျက်သည်အတွက် သင်တို့သည် ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကိုအလွန်ခံရ၏။ ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။ ထိုကြောင့်၊ ယာဇာမြို့အတွက် မျက်ရည်ကျသကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည်ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူလည်း မနင်းရ။ ကြွေးကြော်သောအသံကိုလည်း ငါပြတ်စေပြီ။ ထိုကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရလိမ့်မည်။ ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပတ္ထနာပြုအံ့သောငှာ မိမိသန့်ရှင်းရာဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။ ထိုသို့ ထာဝရဘုရားသည် မောဘ၏အကြောင်းစကားကို အထက်ကမိန့်တော်မူ၏။ ယခုတစ်ဖန်မိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ဟေရှာယ 16:1-14 Common Language Bible (BCL)
သဲကန္တာရရှိသေလမြို့မှမောဘအမျိုးသား တို့သည် ဇိအုန်တောင်၏သမီးထံသို့သိုးတစ် ကောင်ကိုလက်ဆောင်ပဏ္ဏာအဖြစ်ပေးပို့လိုက် ကြ၏။- သူတို့သည်အာနုန်မြစ်ကမ်းပေါ်တွင်စောင့် ဆိုင်းလျက်နေစဉ် အသိုက်ကိုစွန့်ခွာခဲ့ရသည့် ငှက်များကဲ့သို့ ခြေဦးတည့်ရာခေါက်တုံ့ ခေါက်ပြန်သွားလာလျက်နေကြ၏။ သူတို့ကယုဒပြည်သူတို့အား``ငါတို့ကို အကြံပေးကြပါ။ ငါတို့သည်စစ်ပြေးဒုက္ခ သည်များဖြစ်ပါ၏။ မွန်းတည့်ချိန်၌အေးမြ သောသစ်ပင်၏အရိပ်ကဲ့သို့ သင်တို့သည်ငါ တို့အားအကာအကွယ်ပေးကြပါ။ အဘယ် သူမျှရှာ၍မတွေ့စေရန်ငါတို့အားဝှက် ထားကြပါ။- သင်တို့၏ပြည်တွင်နေခွင့်ပြုကြပါ။ ငါတို့ ကိုသုတ်သင်ဖျက်ဆီးလိုသူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ကြပါ'' ဟုမောဘ ပြည်သူတို့ပြောကြားကြ၏။ (ဖိနှိပ်ချုပ်ချယ်မှုနှင့်သုတ်သင်ဖျက်ဆီးမှု တို့သည်ပပျောက်၍သွားလိမ့်မည်။ တိုင်းပြည် ကိုပျက်ပြုန်းစေသောသူတို့သည်လည်းရှိ ကြတော့မည်မဟုတ်။- ထိုအခါဒါဝိဒ်၏သားမြေးတစ်ဦးတည်း နန်းတက်၍ပြည်သူတို့အားသစ္စာ၊ မေတ္တာနှင့် အုပ်စိုးလိမ့်မည်။ သူသည်မှန်ရာကိုပြုရန် လက်နှေးလိမ့်မည်မဟုတ်။ တရားသဖြင့် စီရင်ဆုံးဖြတ်ပေးလိမ့်မည်။) ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။ မောဘပြည်သူတို့သည်မိမိတို့ခံရသည့် ဆင်းရဲဒုက္ခများအတွက်ငိုယိုကြလိမ့်မည်။ ကိရဟရက်မြို့တွင်မိမိတို့စားခဲ့ရဖူး သည့်ကောင်းသောအစားအစာများကို ပြန်လည်သတိရသောအခါသူတို့အား လုံးပင်ငိုယိုကြလိမ့်မည်။ စိတ်ပျက်အား ငယ်လျက်နေကြလိမ့်မည်။- ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။- ယခုအခါငါသည်ယာဇာမြို့အတွက်ငို ယိုမိသကဲ့သို့ စိဗမာစပျစ်ပင်များအတွက် လည်းငိုယိုမိပါ၏။ လူတို့ဝမ်းမြောက်စွာစု သိမ်းရန်အသီးအနှံများမရှိတော့သဖြင့် ငါသည်ဟေရှဘုန်မြို့နှင့်ဧလာလေမြို့ တို့အတွက်မျက်ရည်ကျပါ၏။- ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။- ငါသည်မောဘပြည်အတွက်စိတ်ညှိုးငယ် လျက်၊ ကိရဟရက်မြို့အတွက်ဝမ်းနည်း လျက်ညည်းညူမိပါ၏။- မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။ ဤဗျာဒိတ်တော်ကားမောဘပြည်နှင့်ပတ် သက်၍စောစောပိုင်းက ထာဝရဘုရားပေး တော်မူခဲ့သောဗျာဒိတ်တော်ဖြစ်ပေသည်။- ယခုအခါထာဝရဘုရားက``သုံးနှစ်တိ တိရှိသောအခါ မောဘပြည်၏စည်းစိမ်ဥစ္စာ များသည်ကွယ်ပျောက်သွားလိမ့်မည်။ မြောက် မြားစွာသောပြည်သူတို့အနက်မှလူ အနည်းငယ်သာလျှင် အသက်မသေဘဲ ကျန်ရှိလိမ့်မည်။ သူတို့သည်လည်းအားအင် ချည့်နဲ့၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဟေရှာယ 16:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပြည်ကိုအုပ်စိုးသောမင်းထံ သိုးသငယ်ကို ပို့လိုက်လော့။ တောကန္တာရကိုဖြတ်၍ သေလမြို့မှ ဇိအုန်သမီး၏တောင်ပေါ်သို့ ပို့လိုက်လော့။ အသိုက်အဖျက်ခံရ၍ ထွက်ပြေးသောငှက်များကဲ့သို့ မောဘသမီးတို့သည် အာနုန်မြစ်ဆိပ်၌ ရောက်နေကြ၏။ သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။ မောဘပြည်မှနှင်ထုတ်ခံရသောသူတို့သည် သင်နှင့်အတူနေထိုင်ကြပါစေ။ သူတို့ကို ဖျက်ဆီးသောသူ၏ရှေ့မှ ကာကွယ်ပေးပါ”ဟု ဆိုကြ၏။ ဖိနှိပ်သောသူမရှိတော့ပြီ။ ဖျက်ဆီးခြင်းလည်း ရပ်သွားပြီ။ နင်းချေတတ်သောသူသည် မြေကြီးပေါ်မှပျောက်ကွယ်သွားပြီ။ ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။ မောဘ၏မာနကို ငါတို့ကြားသိ၏။ အလွန်ကြီးသောမာနဖြစ်၏။ သူ၏မာန်မာနကြီးခြင်း၊ သူ၏ထောင်လွှားခြင်း၊ သူ၏ဒေါသတို့သည် ဘာမျှမဟုတ်။ ဝါကြွားခြင်းသာ ဖြစ်၏။ ထို့ကြောင့် မောဘပြည်သားသည် မောဘပြည်ကြောင့် ညည်းတွားငိုကြွေးကြရမည်။ လူတိုင်း ညည်းတွားငိုကြွေးကြရမည်။ သင်တို့သည် ကိရဟရက်မြို့မှ စပျစ်ခြောက်မုန့်များကြောင့် ညည်းတွားကြရမည်။ အမှန်ပင် ပူဆွေးသောကရောက်ကြရမည်။ စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ ထို့ကြောင့် ယာဇာမြို့အတွက် ငိုကြွေးသကဲ့သို့ စိဗမာစပျစ်ပင်အတွက်လည်း ငါငိုကြွေး၏။ အို ဟေရှဘုန်မြို့၊ အို ဧလာလေမြို့၊ သင့်ကို ငါ့မျက်ရည်ဖြင့် ရွှဲရွှဲစိုစေမည်။ အကြောင်းမူကား သင်၏နွေရာသီသီးနှံအတွက်၊ သင်၏သီးနှံရိတ်သိမ်းခြင်းအတွက် ကြွေးကြော်သံ ငြိမ်းလေပြီ။ သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။ ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။ မောဘပြည်သားတို့သည် မြင့်ရာအရပ်၌ ဖူးမြော်ကြသော်လည်း၊ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံကြသော်လည်း၊ သူတို့၏ဗိမာန်သို့သွား၍ ဆုတောင်းကြသော်လည်း အောင်နိုင်မည်မဟုတ်။ ဤသည်ကား ထိုအချိန်အခါက မောဘပြည်နှင့်ပတ်သက်၍ ထာဝရဘုရား မိန့်မြွက်ခဲ့သောစကားတော်ဖြစ်၏။ တစ်ဖန် ထာဝရဘုရားက “သူရင်းငှား၏နှစ်ကာလအရ သုံးနှစ်အတွင်း မောဘပြည်၏ဘုန်းအသရေသည် လူထုကြီးနှင့်အတူ ရှုတ်ချခြင်းခံရမည်။ လူအနည်းငယ်သာကြွင်းကျန်၍ အားနည်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။