ဟောရှေ 6:1-7
ဟောရှေ 6:1-7 Judson Bible (JBMLE)
လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။ နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။ ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။ အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။ ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။ သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
ဟောရှေ 6:1-7 Common Language Bible (BCL)
လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။- ငါတို့ကိုနှစ်ရက်သုံးရက်အတွင်းအင်အား ပြည့်လျက်ပြန်လည်ရှင်သန်စေတော်မူ၍ မျက်မှောက်တော်အောက်တွင်နေစေတော်မူ လိမ့်မည်။- ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။ သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။- ထို့ကြောင့်ငါသည်ပရောဖက်များကိုစေ လွှတ်၍ သင်တို့ကိုတရားစီရင်မည့်အကြောင်း နှင့်ပျက်စီးဆုံးပါးစေမည့်အကြောင်းကြား ပြောစေခဲ့၏။- ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။'' ``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။
ဟောရှေ 6:1-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။ နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။ ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။ “အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။ ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။ အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။ သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။