ဂလာတိ 1:13-24
ဂလာတိ 1:13-24 Judson Bible (JBMLE)
အဘယ်သို့နည်းဟူမူကား၊ အထက်က ယုဒဘာသာ၌နေ၍ ငါကျင့်သောအကျင့်တည်းဟူသော ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီး ကြောင်းကိုလည်းကောင်း၊- ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုလည်းကောင်း သင်တို့ကြားသိ ကြရပြီ။- သို့သော်လည်း၊ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊- သားတော်၏ ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီ သားတော်ကို ငါ့အား ပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။- ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ချင်းသွား၍ တစ်ဖန် ဒမာသက်မြို့သို့ ပြန်လေ၏။- ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှာ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ်ငါးရက်နေ၏။- သူနှင့် သခင်ဘုရား၏ညီတော် ယာကုပ်မှတစ်ပါး အခြားသော တမန်တော်တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။- ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသားစကားကို ငါမပြောမသုံးဟု ဘုရားသခင်ရှေ့ တော်၌ငါဆို၏။- ထိုနောက်ရှုရိပြည်၊ ကိလိကိပြည်သို့ ငါသွား၍၊- ယုဒပြည်၌ ခရစ်တော်၏ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊- ငါတို့ကို ညှဥ်းဆဲဖူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊- ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။
ဂလာတိ 1:13-24 Common Language Bible (BCL)
ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။- ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။ သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။- ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။- သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။- သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။ ဤအကြောင်းအရာများကိုမုသားသုံး၍ရေး သည်မဟုတ်ကြောင်း ဘုရားသခင်သိတော်မူ၏။ ထိုနောက်ငါသည်ရှုရိနှင့်ကိလိကိနယ်များသို့ သွားရောက်၏။- သို့သော်ထိုအချိန်ကယုဒပြည်ရှိခရစ်ယာန် အသင်းတော်ဝင်အပေါင်းတို့သည် ငါနှင့်တွေ့ဆုံ သိကျွမ်းခွင့်ကိုမရကြသေး။- ``ငါတို့ကိုနှိပ်စက်ညှဉ်းဆဲခဲ့သူသည်ယခင်က မိမိဖျက်ဆီးရန်ကြိုးစားခဲ့သည့်ဘာသာတရား တော်ကို ယခုအခါဟောပြောလျက်ရှိပါသည် တကား'' ဟုလူတို့ပြောဆိုသံကိုသာလျှင်သူ တို့ကြားသိရကြ၏။- ထို့ကြောင့်သူတို့သည်ငါ့ကိုအကြောင်းပြု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြပေ သည်။
ဂလာတိ 1:13-24 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊ ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။ သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူသောဘုရားသခင်သည် မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။ ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။ ထို့နောက် သုံးနှစ်လွန်ပြီးမှ ကေဖနှင့်အကျွမ်းဝင်စေရန် ဂျေရုဆလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေခဲ့၏။ သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။ သင်တို့ထံသို့ ငါရေးနေသောအကြောင်းအရာများတွင် မုသားမပါကြောင်း ဘုရားသခင်သိတော်မူ၏။ ထို့နောက် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်သို့ ငါသွားခဲ့၏။ သို့ရာတွင် ခရစ်တော်၌တည်သော ယုဒပြည်ရှိ အသင်းတော်များသည် ငါနှင့်လူချင်းမသိကြသေးဘဲ “ယခင်က ငါတို့ကိုညှဉ်းဆဲခဲ့သောသူသည် တစ်ချိန်က သူဖျက်ဆီးရန်ကြိုးစားခဲ့သောယုံကြည်ခြင်းတရားကို ယခု ဟောပြောလျက်နေသည်”ဟူ၍သာ ကြားရကြ၏။ ထိုအခါ သူတို့သည် ငါ့ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။