ထွက်မြောက်ရာ 10:1-29
ထွက်မြောက်ရာ 10:1-29 Judson Bible (JBMLE)
တစ်ဖန်ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ပြခြင်းငှာလည်းကောင်း၊ အဲဂုတ္တုပြည်၌ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အားကြားပြောသဖြင့်၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာလည်းကောင်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။ မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ်မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်း။ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။ သို့မဟုတ် ငါ၏လူတို့ကိုမလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန်ငါဆောင်ခဲ့မည်။ မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်။ မိုးသီးမဖျက်၊ သင်တို့၌ကျန်ကြွင်းသေးသမျှကိုလည်းကောင်း၊ သင်တို့အဖို့ မြေ၌ ပေါက်သမျှသောအပင်တို့ကိုလည်းကောင်း စားကြလိမ့်မည်။ သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည်ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဖူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။ ဖာရောဘုရင်၏ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှကာလပတ်လုံး နှောင့်ယှက်ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊ မောရှေနှင့်အာရုန်ကို တစ်ဖန်ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊ ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကိုငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။ ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအားဝတ်ပြုကြဟု မိန့်တော်မူသဖြင့်၊ သူတို့ကိုအထံတော်မှ နှင်ကြလေ၏။ ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုးသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင်ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် မိမိလှံတံကိုအဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကိုဆောင်ခဲ့လေ၏။ ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကိုလွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်းမဖြစ်ရလတ္တံ့။ မြေမည်းသည်တိုင်အောင် မြေတစ်ပြင်လုံးကိုဖုံးအုပ်၍ တစ်ပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုးသီးနှင့် လွတ်သောသစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာတစ်စုံတစ်ခုမျှ မကျန်ရစ်။ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း ငါပြစ်မှားပါပြီ။ သို့ဖြစ်၍ သည်တစ်ခါ ငါ့အပြစ်ကိုသည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတစ်ခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟုဆိုသည်ရှိသော်၊ မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကိုတောင်းပန်လေ၏။ ထာဝရဘုရားသည် အားကြီးသောအနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကိုဆောင်သွား၍ ဧဒုံပင်လယ်၌ချပစ်လေ၏။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ကျိုင်းတစ်ကောင်မျှမကျန်ရစ်။ သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။ တစ်ဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ မောရှေသည် မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ထူထပ်သောမှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ ထိုအခါ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သိုးနွားများကိုထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။ မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်စရာဖို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သကာများကို ကိုယ်တော်ပေးရမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တစ်ကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဖို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မီ မသိပါဟုဆိုလေသော်၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကိုခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုမလွှတ်။ မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။ မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တစ်ဖန်မမြင်ပါဟု လျှောက်ဆို၏။
ထွက်မြောက်ရာ 10:1-29 Common Language Bible (BCL)
ထိုနောက်ထာဝရဘုရားက မောရှေအား``သင် သည်ဘုရင်ထံသို့သွားလော့။ ငါသည်အံ့ဖွယ် သောအမှုတို့ကို အီဂျစ်အမျိုးသားတို့တွင် ပြခြင်းငှာလည်းကောင်း၊ သူတို့အားပြသည့် အံ့ဖွယ်သောအမှုများအကြောင်းကို သင် တို့၏သားမြေးတို့အားပြောပြနိုင်ခြင်း ငှာလည်းကောင်း ငါသည်ဘုရင်နှင့်သူ၏ မှူးမတ်တို့ကိုခေါင်းမာစေ၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့ အားလုံးသိရလိမ့်မည်'' ဟုမိန့်တော်မူ၏။ မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။- သင်သည်ငါ၏လူမျိုးတော်တို့အားသွားခွင့် မပေးလျှင် နက်ဖြန်နေ့၌ငါသည်သင်၏တိုင်း ပြည်တွင်ကျိုင်းကောင်များရောက်ရှိလာစေ မည်။- ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။- သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။ မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။ ထို့ကြောင့်ဘုရင်သည် မောရှေနှင့်အာရုန်တို့ အားပြန်ခေါ်လျက်``သင်တို့ဘုရားဖြစ်သော ထာဝရဘုရားအားဝတ်ပြုရန်သွားကြ လော့။ သို့သော်မည်သူတို့သွားကြမည်နည်း'' ဟုမေးလေ၏။ ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။ ဘုရင်က``သင်တို့၏အမျိုးသမီးများနှင့် ကလေးများကို ခေါ်ဆောင်သွားခွင့်မပြုနိုင် ဟုထာဝရဘုရားကိုတိုင်တည်၍ငါဆို၏။ ပုန်ကန်ရန်ကြံစည်နေကြောင်းထင်ရှား၏။- သင်တို့၏အလိုပြည့်မည်ဆိုလျှင်အမျိုး သားများသာသွား၍ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြစေ'' ဟုမိန့်တော်မူ၏။ ထိုနောက်အထံတော်မှသူတို့ကိုနှင်ထုတ် လေ၏။ ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်သို့ကျိုင်းကောင်များရောက်ရှိလာစေ ရန်သင်၏လက်ကိုဆန့်လော့။ ကျိုင်းကောင်များ သည်ရောက်လာ၍မိုးသီးဒဏ်ကြောင့်မပျက် စီးဘဲ ကျန်ရှိနေသမျှသောအပင်တို့ကို စားပစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။- သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။- ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။- ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။ ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။- ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။- မောရှေသည်ဘုရင်ထံမှထွက်ခဲ့၍ ထာဝရ ဘုရားထံဆုတောင်းပတ္ထနာပြုလေ၏။- ထာဝရဘုရားသည်အရှေ့လေကိုအနောက် လေပြင်းအဖြစ်သို့ပြောင်းလဲတိုက်ခတ်စေ သဖြင့် ကျိုင်းကောင်တို့ကိုလေနှင့်ဆောင်ယူပြီး လျှင်ပင်လယ်နီထဲသို့ကျစေ၏။ အီဂျစ်ပြည် တစ်လျှောက်လုံးတွင်ကျိုင်းကောင်တစ်ကောင် မျှမကျန်တော့ချေ။- သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။ ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။- မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။- အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။ ထိုအခါဘုရင်သည်မောရှေကိုခေါ်၍``ထာဝရ ဘုရားအားဝတ်ပြုရန်သွားကြလော့။ သင်တို့ ၏အမျိုးသမီးများနှင့်ကလေးများကိုလည်း သင်တို့နှင့်အတူသွားကြစေ။ သင်တို့၏ သိုး၊ ဆိတ်၊ နွားများကိုသာထားခဲ့ကြလော့'' ဟု ဆိုလေ၏။ မောရှေက``ကျွန်ုပ်တို့၏ထာဝရဘုရားအား ပူဇော်ရန်ယဇ်ကောင်များရှိရပါမည်။- ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။ ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။- ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်မိန့်တော်မူသည် အတိုင်း ကျွန်ုပ်သည်ကိုယ်တော်ထံသို့နောက်တစ် ဖန်မလာတော့ပါ'' ဟုလျှောက်လေ၏။
ထွက်မြောက်ရာ 10:1-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့် အီဂျစ်လူမျိုးတို့ကို ငါအပြင်းအထန်ဒဏ်ခတ်ခဲ့သောအမှုများ၊ သူတို့အား ငါပြခဲ့သော နိမိတ်လက္ခဏာများကို သင်တို့သည် သင်တို့၏သားမြေးများအား ပြောကြား၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရှိစေရန် သူတို့၏စိတ်နှလုံးကို ငါခိုင်မာစေပြီ”ဟု မိန့်တော်မူ၏။ မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်ဘဲ ငြင်းဆန်နေမည်ဆိုလျှင် မနက်ဖြန် သင့်နယ်မြေထဲသို့ ကျိုင်းကောင်များကို ငါရောက်လာစေမည်။ ကျိုင်းကောင်များသည် မြေမျက်နှာပြင်ကိုဖုံးလွှမ်းသဖြင့် မြေကြီးကိုမြင်ရတော့မည်မဟုတ်။ ထိုကျိုင်းကောင်တို့သည် မိုးသီးဘေးဖြစ်ပြီးနောက် သင်တို့၌ကြွင်းကျန်သောအကြွင်းအကျန်တို့ကို စားကြလိမ့်မည်။ သင်တို့၏လယ်၌ပေါက်သောအပင်ရှိသမျှတို့ကို စားကြလိမ့်မည်။ သင်၏နန်းဆောင်များ၊ သင့်အမှုထမ်းအပေါင်းတို့၏အိမ်များနှင့် အီဂျစ်လူမျိုးအပေါင်းတို့၏အိမ်များ၌ ပြည့်နှက်ကြလိမ့်မည်။ မြေပေါ်မှာ သင်၏ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သောအချိန်မှစ၍ ယနေ့အချိန်အထိ ဤသို့သောအမှုကို သူတို့မြင်တွေ့ဖူးကြမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးထံမှ လှည့်ထွက်သွားလေ၏။ ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။ ထို့ကြောင့် မောရှေနှင့်အာရုန်ကို ဖာရောမင်းကြီးထံသို့ ပြန်ခေါ်သွင်း၍ ဖာရောမင်းကြီးက “သင်တို့၏ဘုရားသခင်ထာဝရဘုရားအား သွား၍ဝတ်ပြုကြလော့။ မည်သူတို့ သွားကြမည်နည်း”ဟု မေးလျှင် မောရှေက “အကျွန်ုပ်တို့သည် လူကြီးရော လူငယ်ပါ သွားကြပါမည်။ အကျွန်ုပ်တို့၏သားသမီးများနှင့်တကွ အကျွန်ုပ်တို့၏သိုးဆိတ်များ၊ နွားများကိုလည်း ခေါ်ဆောင်သွားပါမည်။ အကြောင်းမူကား ထာဝရဘုရား၏ပွဲတော်ကို ကျင်းပရမည်ဖြစ်၏”ဟု ဆိုလေ၏။ ထိုအခါ ဖာရောမင်းကြီးက “ငါသည် သင်တို့နှင့်တကွ သင်တို့၏ကလေးများကိုလွှတ်ပေးမည်ဆိုလျှင် သင်တို့နှင့်အတူ ထာဝရဘုရားရှိနေ၍သာဖြစ်မည်။ ကြည့်လော့။ သင်တို့၏မကောင်းမှုသည် သင်တို့မျက်နှာတွင် ပေါ်လွင်လျက်နေ၏။ ထိုသို့မဖြစ်ရ။ သင်တို့တောင်းဆိုခဲ့ကြသည့်အတိုင်း ယောက်ျားသားများသာ ထာဝရဘုရားအား သွား၍ဝတ်ပြုကြစေ”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးသည် သူတို့ကို မိမိရှေ့မှောက်မှ နှင်ထုတ်လေ၏။ ထို့နောက် ထာဝရဘုရားက မောရှေအား “ကျိုင်းကောင်များ အီဂျစ်ပြည်ပေါ်သို့ တက်လာ၍ မိုးသီးဘေးဖြစ်ပြီးနောက်ကြွင်းကျန်သမျှသော ထိုပြည်ရှိအပင်အားလုံးတို့ကို စားမည့်အကြောင်း သင်၏လက်ကို အီဂျစ်ပြည်ပေါ်သို့ ဆန့်လော့”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။ အလွန်များပြားသောကျိုင်းကောင်များသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ တက်လာ၍ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် နားနေကြ၏။ ထိုကဲ့သို့သောကျိုင်းကောင်များသည် ယခင်ကလည်းမရှိစဖူး၊ နောင်တွင်လည်း ရှိလိမ့်မည်မဟုတ်။ ကျိုင်းကောင်တို့သည် မြေမျက်နှာတစ်ပြင်လုံးကိုဖုံးလွှမ်းသဖြင့် မြေပြင်သည်မည်းနက်လေ၏။ မိုးသီးဘေးပြီးနောက် ကျန်ရစ်သောကောက်ပင်အားလုံးနှင့် ထိုပြည်ရှိသစ်သီးဝလံအားလုံးတို့ကိုစားကြသဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် အပင်မှအရွက်စိမ်းတစ်ရွက်မျှ၊ လယ်ထဲရှိကောက်ပင်တစ်ပင်မျှ မကြွင်းကျန်ပေ။ ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။ ယခုတစ်ကြိမ်သာလျှင် ငါ့အပြစ်ကို ခွင့်လွှတ်ပါလော့။ ဤသေဘေးကိုလည်း ငါ့ထံမှဖယ်ရှားပေးမည့်အကြောင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု မိန့်ဆိုလျှင် မောရှေသည် ဖာရောမင်းကြီးထံမှထွက်သွား၍ ထာဝရဘုရားထံဆုတောင်းလေ၏။ ထာဝရဘုရားသည် အနောက်လေကို အပြင်းအထန်တိုက်ခတ်စေ၍ ထိုလေသည် ကျိုင်းကောင်များကိုဆောင်ယူသွားပြီး ပင်လယ်နီထဲသို့ချလိုက်သဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် ကျိုင်းကောင်တစ်ကောင်မျှမကြွင်းကျန်တော့ပေ။ သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။ တစ်ဖန် ထာဝရဘုရားက မောရှေအား “စမ်းတဝါးဝါးသွားလာရသည့် အမှောင်ထုကြီးသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ ကျရောက်စေရန် သင်၏လက်ကို ကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။ လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။ ထိုအခါ ဖာရောမင်းကြီးသည် မောရှေကိုဆင့်ခေါ်၍ “ထာဝရဘုရားအား ဝတ်ပြုရန်သွားကြလော့။ သို့သော် သင်တို့၏သိုးဆိတ်များ၊ နွားများကို ထားခဲ့ရမည်။ သင်တို့၏ကလေးများမူကား သင်တို့နှင့်အတူသွားနိုင်သည်”ဟု ဆိုလေ၏။ မောရှေကလည်း “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ယဇ်ကောင်များနှင့် မီးရှို့ရာယဇ်များကို အရှင်သည် အကျွန်ုပ်တို့အား ယူသွားခွင့်ပြုရမည်။ အကျွန်ုပ်တို့သည် ထာဝရဘုရားအား မည်သည့်အကောင်ဖြင့်ပူဇော်ရမည်ကို ထိုအရပ်သို့မရောက်မီ မသိနိုင်ပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ထိုအကောင်တို့ထဲမှ ရွေးယူရမည်ဖြစ်သောကြောင့် အကျွန်ုပ်တို့၏တိရစ္ဆာန်များ တစ်ကောင်မျှမကျန် အကျွန်ုပ်တို့နှင့်အတူပါသွားရမည်”ဟု လျှောက်လေ၏။ ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။ သို့ဖြစ်၍ ဖာရောမင်းကြီးက မောရှေအား “ငါ့ထံမှထွက်သွားလော့။ ငါ့ရှေ့သို့ နောက်ထပ်မဝင်မိစေရန် သတိပြုလော့။ အကယ်စင်စစ် ငါ့မျက်နှာကိုသင်မြင်သောနေ့၌ သင်သေရလိမ့်မည်”ဟု ဆိုလေ၏။ မောရှေကလည်း “အရှင်မိန့်ဆိုသည့်အတိုင်းပေတည်း။ အကျွန်ုပ်သည် အရှင့်ရှေ့သို့ နောက်ထပ်မဝင်တော့ပါ”ဟု ဆိုလေ၏။