YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 32:1-20

တရားဟောရာ 32:1-20 Judson Bible (JBMLE)

အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။ ငါ့​ဒေ​သ​နာ​သည် မိုး​ရေ​ကဲ့​သို့​စက်​စက်​ကျ၍၊ ငါ့​စ​ကား​သည် နှင်း​ကဲ့​သို့ ဖြည်း​ညင်း​စွာ သက်​ရောက်​လိမ့်​မည်။ နု​သော​ပျိုး​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ပင်​ပေါ်​မှာ များ​ပြား​သော​မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။ အို ပ​ညာ​မဲ့​သော​လူ​မိုက်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ဤ​သို့​ဆပ်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​သော​အ​ဘ၊ သင့်​ကို​ဖန်​ဆင်း၍ နေ​ရာ​ချ​သော​သူ ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဖို့​ကား၊ လူ​မျိုး​တော်​တည်း။ ယာ​ကုပ်​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ ဖြစ်​သ​တည်း။ လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။ ရွှေ​လင်း​တ​သည် အ​သိုက်​ကို​မွှေ​လျက်၊ သား​ငယ်​တို့​အ​ပေါ်​မှာ လှုပ်​ရှား​လျက်၊ အ​တောင်​တို့​ကို​ဖြန့်​လျက်၊ သား​ငယ်​တို့​ကို​ယူ၍ မိ​မိ​အ​တောင်​တို့​ဖြင့် ဆောင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ ယာ​ကုပ်​ကို​ဆောင်​သွား​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား မည်​မျှ​မ​ရှိ။ မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။ သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။ သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။ ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။ သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​သော​အ​ခါ၊ အ​မျက်​တော်​ထွက်၍ သား​သ​မီး​တော်​တို့​ကို စွန့်​ပစ်​တော်​မူ​လျက်၊ ငါ​သည် ကိုယ်​မျက်​နှာ​ကို သူ​တို့​မှ​လွှဲ​မည်။ သူ​တို့​သည် အ​ဘယ်​သို့​ဆုံး​မည်​ကို ငါ​ကြည့်​မည်။ သ​ဘော​ခိုင်​မာ​သော​အ​မျိုး၊ သ​စ္စာ​မ​ရှိ​သော သား​သ​မီး​ဖြစ်​ကြ၏။

တရားဟောရာ 32:1-20 Common Language Bible (BCL)

``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။ ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။ မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။ ``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊ လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊ နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။ ``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။ အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။ ``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။ သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။ ``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။ သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။ ``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။

တရားဟောရာ 32:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​မြွက်ဆို​သည်​မှာ “​အို ကောင်းကင်​၊ စူးစိုက်​နားထောင်​လော့​။ ငါ​ပြော​မည်​။ အို မြေကြီး​၊ ငါ့​နှုတ်ထွက်​စကား​များ​ကို နားထောင်​လော့​။ ငါ့​သွန်သင်ချက်​သည် မိုးစက်​လေး​လို​တစက်စက်ကျ​ပါစေ​။ ငါ့​စကား​သည် နှင်းစက်​လေး​လို တဖွဲဖွဲ​ကျ​ပါစေ​။ မြက်နု​ပေါ်​ကျ​သော​မိုးဖွဲ​လေး​များ​လို​၊ မြက်ပင်​ပေါ်​ကျ​သော​မိုးပေါက်​လေး​များ​လို ဖြစ်​ပါစေ​။ ထာဝရဘုရား​၏​နာမ​တော်​ကို ငါ​ကြေညာ​မည်​ဖြစ်၍ ငါ​တို့​၏​ဘုရားသခင် ကြီးမြတ်​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ အို ကျောက်ဆောင်​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် ပြီးပြည့်စုံ​ပါ​၏​။ မှန်ပေ၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​ရှိသမျှ​တို့​သည် တရားမျှတ​ပါ​၏​။ ကိုယ်တော်​သည် မတရားမှု​ကို​မ​ပြု​၊ သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​မှန်ကန်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သူ​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ ကိုယ်တော်​၏​သားသမီး​များ​မ​ဟုတ်​တော့​ပါ​။ အနာအဆာ​ရှိ​သော​သူ​များ ဖြစ်​ကြ​၏​။ ကောက်ကျစ်​၍​မရိုးဖြောင့်​သော​မျိုးဆက်​ဖြစ်​၏​။ အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ လွန်လေပြီး​သော​နေ့ရက်​များ​ကို အောက်မေ့​လော့​။ လွန်လေပြီး​သော​နှစ်​များ​ကို ဆင်ခြင်သုံးသပ်​လော့​။ သင့်​ဖခင်​ကို မေး​လော့​။ သင့်​ကို ရှင်းပြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​ကို မေး​လော့​။ သင့်​ကို ပြောပြ​လိမ့်မည်​။ အမြင့်ဆုံး​သော​အရှင်​သည် လူ​တို့​ကို အမွေခွဲဝေ​ပေး​သောအခါ​၊ လူသား​တို့​ကို နေရာ​ပိုင်းခြား​သောအခါ အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​အတိုင်း နယ်နိမိတ်​များ​ကို သတ်မှတ်​ပေး​တော်မူ​၏​။ ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။ ကိုယ်တော်​သည် သူ့​ကို တောကန္တာရ​အရပ်​၊ လေထန်​သော​ကန္တာရ​လွင်တီးခေါင်အရပ်​၌​တွေ့​သောအခါ သူ့​ကို​ကာကွယ်​စောင်မ​လျက် မျက်စိ​သူငယ်အိမ်​ကဲ့သို့​စောင့်ရှောက်​တော်မူ​ခဲ့​၏​။ လင်းယုန်​သည် မိမိ​အသိုက်​ကို​လှုပ်ခါ​၍ မိမိ​သားငယ်​တို့​အပေါ်​ပျံဝဲ​လျက်​၊ မိမိ​တောင်ပံ​ကို​ဖြန့်​လျက်​၊ သားငယ်​တို့​ကို​ချီယူ​ပြီး မိမိ​တောင်ပံ​ပေါ်တွင်​သယ်ဆောင်​သွား​သကဲ့သို့ သူ့​ကို​ပို့ဆောင်​ပေး​သူ​မှာ တိုင်းတစ်ပါးသား​၏​ဘုရား​မ​ဟုတ်​၊ ထာဝရဘုရား​တစ်ပါးတည်း​သာလျှင် ဖြစ်​၏​။ ကိုယ်တော်​သည် သူ့​ကို မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာ​ချထား​၍ သူ​သည် လယ်ယာ​သီးနှံ​ကို​စား​ရ​၏​။ ကိုယ်တော်​သည် သူ့​ကို ကျောက်တောင်​ထဲမှ​ပျားရည်​ဖြင့်​လည်းကောင်း​၊ မီးခတ်​ကျောက်ဆောင်​ထဲမှ​ဆီ​ဖြင့်​လည်းကောင်း​၊ နွား​မှ​ရ​သော​ထောပတ်​၊ သိုး​မှ​ရ​သော​သိုး​နို့​၊ သိုးသငယ်​အဆီ​၊ ဗာရှန်​ပြည်​သိုးထီး​၊ ဆိတ်ထီး​နှင့်တကွ အကောင်းဆုံး​ဂျုံ​ဖြင့်​လည်းကောင်း ကျွေးမွေး​တော်မူ​၏​။ စပျစ်​သွေး​တည်းဟူသော​ဝိုင်နီ​ကို​လည်း သောက်​ရ​၏​။ အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။ အခြား​သော​ဘုရား​များ​ဖြင့် ကိုယ်တော်​ကို သဝန်တို​စေ​ပြီ​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ကိုယ်တော်​ကို အမျက်ထွက်​စေ​ပြီ​။ ဘုရားသခင် မ​ဟုတ်​သော နတ်ဆိုး​များ​ကို ပူဇော်​ကြ​ပြီ​။ သူ​တို့​မ​သိ​သော​ဘုရား​၊ နောက်​မှ​ပေါ်လာ​သော​ဘုရား​အသစ်​၊ ဘိုးဘေး​တို့​မ​ကြောက်​သော​ဘုရား တို့​ကို ပူဇော်​ကြ​ပြီ​။ သင်​၏​မွေးသဖခင်​ကျောက်ဆောင်​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။ ထာဝရဘုရား မြင်​တော်မူ​လျှင် မိမိ​သား​သမီး​တို့​ကို အမျက်ထွက်​၍ ပစ်ပယ်​တော်မူ​၏​။ ‘​သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်​ကို ငါ​စောင့်ကြည့်​မည်​။ သူ​တို့​သည် ဖောက်ပြန်​တတ်​သော​မျိုးဆက်​၊ သစ္စာ​မ​ရှိ​သော​သားသမီး​များ ဖြစ်​ကြ​၏​။