ကောလောသဲ 2:1-23
ကောလောသဲ 2:1-23 Judson Bible (JBMLE)
သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဖူးသောသူ ရှိသမျှတို့သည်၊- မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကိုနားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှာ ငါအလိုရှိ၏။- ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။- အဘယ်မည်သောသူမျှ ဖြားယောင်းသော စကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှာ၊ ဤစကားကို ငါပြောဆို၏။- ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုလည်းကောင်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည်ကိုလည်းကောင်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။ ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊- ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။ ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။- ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။- အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။- ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။- ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌လည်းကောင်း မွေ့လျော်သောသူ တစ်စုံတစ်ယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။- ဦးခေါင်းတော်မှ တစ်ကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွားတတ်၏။ သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေကြသည်မှန်လျှင်၊- မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။- လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။- ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။
ကောလောသဲ 2:1-23 Common Language Bible (BCL)
ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။- ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။- ထိုအရှင်သည်ကွယ်ဝှက်ထားသောဘုရား သခင်၏ဉာဏ်ပညာဘဏ္ဍာ၊ အသိပညာ ဘဏ္ဍာကိုဖွင့်ပြသည့်သော့ချက်ဖြစ်တော် မူသတည်း။ သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။- ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။ သင်တို့သည်ခရစ်တော်ယေရှုအားအရှင် သခင်အဖြစ်လက်ခံခဲ့ကြသဖြင့် ကိုယ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်အသက် ရှင်ကြလော့။- သွန်သင်ခြင်းကိုခံရသည်အတိုင်းကိုယ်တော် ၌နက်နဲစွာအမြစ်စွဲလျက်ကိုယ်တော်အပေါ်၌ မိမိတို့ဘဝကိုတည်ဆောက်ကာသင်တို့၏ ယုံကြည်ခြင်းကိုပို၍ခိုင်မြဲစေကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်နေကြလော့။ ခရစ်တော်ထံမှမဟုတ်ဘဲလူတို့၏ထုံးတမ်း စဉ်လာမှလည်းကောင်း၊ စကြဝဠာကို အစိုးရ သည့်ဝိညာဉ်များမှလည်းကောင်း၊ လက်ဆင့်ကမ်း သည့်အချည်းနှီးသောလူပညာပရိယာယ်ဖြင့် အဘယ်သူမျှသင်တို့အားကျွန်ဘဝသို့ မသက်ဆင်းစေရန်သတိပြုကြလော့။- လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။- သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။- သင်တို့သည်ဗတ္တိဇံခံသောအခါကိုယ်တော်နှင့် အတူမြှုပ်နှံခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၌ ရှင်ပြန်ထမြောက်စေနိုင်သော တန်ခိုးတော်ကိုသင်တို့ယုံကြည်ကြသောကြောင့် ကိုယ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြ၏။ သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊- ငါတို့၏အပြစ်ကြွေးစာရင်းကိုလည်းကောင်း၊ ၎င်းနှင့်ဆိုင်သောဥပဒေစည်းကမ်းများကို လည်းကောင်း၊ လက်ဝါးကပ်တိုင်တွင်ရိုက်ခြင်း အားဖြင့်ပယ်ဖျက်တော်မူသည်။- ထိုလက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်သည် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးရှင်များနှင့်အာဏာ ပိုင်အပေါင်းတို့၏တန်ခိုးအာဏာကိုပယ်ရှား တော်မူပြီးနောက် ၎င်းတို့ကိုသုံ့ပန်းများအဖြစ် အောင်ပွဲလှည့်ရာတွင်နောက်မှလိုက်ပါစေကာ လူအပေါင်းတို့အားပြတော်မူ၏။ သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။- ထိုအရာတို့သည်နောင်အခါဖြစ်ပေါ်လာမည့် အရာတို့၏အရိပ်အရောင်မျှသာဖြစ်ကြ၏။ အတုမဟုတ်အစစ်မှာခရစ်တော်ဖြစ်သည်။- မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။- သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။ သင်တို့သည်ခရစ်တော်နှင့်အတူ သေပြီဖြစ် သဖြင့်ဤလောကဋ္ဌာတ်ကို အစိုးရသော တန်ခိုးရှင်များ၏လက်အောက်တွင်မရှိတော့ ပေ။- ထိုသို့ဖြစ်ပါလျက်သင်တို့သည်အဘယ်ကြောင့် ဤလောကနှင့်သက်ဆိုင်သူများကဲ့သို့ပြုကျင့် နေကြသနည်း။ အဘယ်ကြောင့်``ဤအရာကို မကိုင်နှင့်။ ထိုအရာကိုမမြည်းမစမ်းနှင့်။ မတို့ မထိနှင့်'' အစရှိသည့်ဥပဒေများကိုလိုက် လျှောက်နေကြသနည်း။- ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။- ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။
ကောလောသဲ 2:1-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။ ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။ ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။ အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။ ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။ ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။ ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ သင်တို့သည် အုပ်ချုပ်မှုနှင့်အာဏာစက်ရှိသမျှတို့၏ဦးခေါင်းဖြစ်တော်မူသော ထိုသခင်အားဖြင့် ပြည့်စုံခြင်းသို့ရောက်ကြပြီး ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။ သင်တို့သည် ဗတ္တိဇံအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလျက် ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် ထိုသခင်နှင့်အတူ ထမြောက်စေခြင်းကိုခံရကြ၏။ ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။ အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။ ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။ ၎င်းတို့သည် ဖြစ်လာမည့်အရာများ၏အရိပ်မျှသာဖြစ်ကြပြီး အကောင်အထည်အစစ်မူကား ခရစ်တော်၌ရှိ၏။ မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ ဦးခေါင်းတော်၌ စွဲမြဲခြင်းမရှိကြ။ ထိုဦးခေါင်းတော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များအားဖြင့် ထောက်မခြင်းနှင့်ပေါင်းစည်းခြင်းကိုခံရလျက် ဘုရားသခင်ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွား၏။ သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့ မထိနှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော စည်းမျဉ်းများကိုလိုက်နာကြသနည်း။ ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။ ထိုအရာတို့သည် ထင်ရာမြင်ရာကိုးကွယ်ခြင်း၊ မိမိကိုယ်ကိုချိုးနှိမ်ခြင်းနှင့် ကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတို့ပါ၍ ဉာဏ်ပညာရှိဟန်ပေါ်သော်လည်း သွေးသားဇာတိ၏တပ်မက်မှုကို ချုပ်တည်းရာ၌ မည်သည့်အကျိုးမျှမပြုချေ။