၂ ရာဇဝင်ချုပ် 24:1-27
၂ ရာဇဝင်ချုပ် 24:1-27 Judson Bible (JBMLE)
ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ ယဇ်ပုရောဟိတ် ယောယဒလက်ထက် ကာလပတ်လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဖက်၍ သားသမီးတို့ကို မြင်ရ၏။ ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊ ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှာ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလလူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစားအားထုတ်ကြလော့ဟု မိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲ နေကြ၏။ တစ်ဖန် ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီးယောယဒကိုခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဖို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလ ပရိသတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကိုခံယူ၍ ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။ အဓမ္မမိန်းမ အာသလိ၏သားတို့သည် ဗိမာန်တော်ကိုဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သောဘဏ္ဍာရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။ ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာထားကြ၏။ ဘုရားသခင်၏ကျွန်မောရှေသည် တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။ ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ သွင်း၍၊ ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏ စာရေးသည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ထားပြန်၏။ ထိုသို့ နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။ ရှင်ဘုရင်နှင့် ယောယဒသည် ဗိမာန်တော်၏အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှာ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမားတို့အား ပေးဝေကြ၏။ အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင်သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။ လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန်တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒလက်ထက် ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ ယောယဒသည် အို၍ ကာလပြည့်စုံရာရောက်လျက်၊ အသက်တစ်ရာသုံးဆယ်ရှိသော် သေ၍၊ ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌လည်းကောင်း၊ အိမ်တော်၌လည်းကောင်း ကျေးဇူးပြုသောသူဖြစ်သတည်း။ ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊ သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက်လေ၏။ သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင်စေခြင်းငှာ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။ တစ်ဖန်ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှာ၊ ထာဝရဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။ လူများတို့သည် သူ့ကို မကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။ ထိုသို့ ယောရှမင်းကြီးသည် ဇာခရိအဘ ယောယဒပြုသောကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေသည်တကား။ ဇာခရိသေသောအခါ၊ ဤအမှုကို ထာဝရဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟု ဆို၏။ ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသောအလုံးအရင်း ဖြစ်သော်လည်း၊ နည်းသောရှုရိတပ်အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကိုတရားစီရင်ကြ၏။ ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီးစွာသောဒုက္ခကို ခံရလျက် နေရစ်သည်ဖြစ်၍၊ ယဇ်ပုရောဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သလွန်ပေါ်မှာ သေအောင်လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။ လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီး ရှိမရိတ်သား ယဟောဇဗဒ်တည်း။ ယောရှသည် သားရှိခြင်းအရာ၊ လေးသောအမှုကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်းအရာတို့သည် ရာဇဝင်နှင့် ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
၂ ရာဇဝင်ချုပ် 24:1-27 Common Language Bible (BCL)
ယောရှသည်သက်တော်ခုနစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌အနှစ်လေးဆယ်တိုင်တိုင်နန်းစံ လေသည်။ သူ၏မယ်တော်မှာဗေရရှေဘမြို့ သူဇိဗိဖြစ်၏။- သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။- ယောယဒသည်ယောရှအတွက်မိဖုရား နှစ်ပါးကိုရွေးချယ်ပေး၏။ ယောရှသည် လည်းထိုမိဖုရားများဖြင့်သားသမီး များကိုရရှိလေသည်။ ယောရှသည်နန်းတက်ပြီးနောက်ကာလအတန် ကြာသောအခါ ထာဝရဘုရား၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အကြံရှိတော် မူ၏။- သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များအားယုဒပြည်အမြို့မြို့သို့စေလွှတ် ၍ ဗိမာန်တော်ကိုနှစ်စဉ်မွမ်းမံပြင်ဆင်ရန် အတွက်ပြည်သူအပေါင်းတို့ထံမှ ငွေအလုံ အလောက်ကောက်ခံစေတော်မူ၏။ မင်းကြီး သည်ဤအမှုကိုဆောလျင်စွာဆောင်ရွက် ရန်အမိန့်ပေးခဲ့သော်လည်း လေဝိအနွယ် ဝင်တို့သည်ဖင့်နွဲလျက်နေကြ၏။- သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။ (ဖောက်ပြန်ဆိုးညစ်သည့်အမျိုးသမီး အာသလိ၏နောက်လိုက်တို့သည် ဗိမာန်တော် ကိုဖျက်ဆီးပြီးလျှင်အမြတ်တနိုးထားအပ် သည့်ပစ္စည်းအသုံးအဆောင်များကို ဗာလ ဘုရားအားဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုခဲ့ကြသတည်း။) မင်းကြီးသည်လေဝိအနွယ်ဝင်တို့အားအလှူ ခံသေတ္တာကိုပြုလုပ်စေ၍ ဗိမာန်တော်တံခါး ဝတွင်ထားရှိစေတော်မူ၏။- သူတို့သည်ယေရုရှလင်မြို့နှင့်ယုဒပြည် တစ်လျှောက်လုံးရှိလူအပေါင်းတို့အား တော ကန္တာရတွင်ဘုရားသခင်၏အစေခံမောရှေ ကောက်ခံခဲ့သည်အတိုင်း ထာဝရဘုရားထံ တော်သို့အလှူငွေများကိုယူဆောင်လာ ကြရန်ထုတ်ဆင့်ကြေညာလေသည်။- ပြည်သူများနှင့်သူတို့၏ခေါင်းဆောင်များ သည်ဝမ်းမြောက်စွာဖြင့် မိမိတို့အလှူငွေ များကိုယူဆောင်ကာအလှူခံသေတ္တာ ပြည့်အောင်ထည့်ဝင်ကြကုန်၏။- နေ့စဉ်နေ့တိုင်းလေဝိအနွယ်ဝင်တို့သည် ထို သေတ္တာကိုတာဝန်ခံအရာရှိထံသို့ယူ ဆောင်သွားရကြလေသည်။ သေတ္တာပြည့် သည့်အခါတိုင်းဘုရင့်အတွင်းဝန်နှင့်ယဇ် ပုရောဟိတ်မင်း၏ကိုယ်စားလှယ်တစ်ဦး သည်လာ၍ ငွေများကိုထုတ်ယူပြီးလျှင် သေတ္တာကိုနေရာတကျပြန်၍ထားရ ကြ၏။ ဤနည်းအားဖြင့်သူတို့သည်ငွေ အမြောက်အမြားကိုရရှိကြလေသည်။ မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။- ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။- သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။- သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။- ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သို့ရာတွင်ယောယဒကွယ်လွန်ပြီးသည်နောက် ယုဒအမျိုးသားခေါင်းဆောင်များသည် ယောရှ မင်းအားမိမိတို့၏စကားကိုနားထောင်ရန် သွေးဆောင်ကြ၏။- ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။- ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။- ထိုအခါဘုရားသခင်၏ဝိညာဉ်တော် သည် ယဇ်ပုရောဟိတ်ယောယဒ၏သား ဇာခရိအပေါ်သို့သက်ရောက်တော်မူ သဖြင့် ဇာခရိသည်ပြည်သူတို့မြင်သာ သည့်နေရာတွင်ရပ်လျက်``သင်တို့သည်မိမိ တို့အပေါ်သို့ဘေးအန္တရာယ်ဆိုက်ရောက် စေရန် အဘယ်ကြောင့်ငါထာဝရဘုရား ၏အမိန့်တော်ကိုဖီဆန်ကြပါသနည်း။ ငါ့အားသင်တို့စွန့်ပယ်ကြသဖြင့်ငါ သည်လည်းသင်တို့အားစွန့်ပယ်တော်မူ ပြီ'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။- ယောရှမင်းသည်ဇာခရိအားမကောင်းကြံ မှုတွင်ပါဝင်လျက် သူ၏အမိန့်အရပြည်သူ တို့သည်ဇာခရိအားဗိမာန်တော်တံတိုင်း အတွင်း၌ခဲနှင့်ပစ်သတ်ကြ၏။ မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။ ထိုနှစ်ဆောင်းဦးပေါက်၌ရှုရိတပ်မတော် သည်ယုဒပြည်နှင့်ယေရုရှလင်မြို့သို့ချီ တက်တိုက်ခိုက်၍ ခေါင်းဆောင်အပေါင်းကို သတ်ပြီးလျှင်လက်ရပစ္စည်းအမြောက်အမြား ကိုဒမာသက်မြို့သို့ယူဆောင်သွား၏။- ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။- သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။- (သူ့အားလျှို့ဝှက်လုပ်ကြံကြသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားယောဇဗဒ် နှင့်မောဘအမျိုးသမီးရှိမရိတ်၏သား ယဟောဇဗဒ်တို့ဖြစ်သတည်း။-) ဋ္ဌမ္မရာဇဝင်ကျမ်းတွင်ယောရှ၏သားများ အကြောင်း၊ သူ့အားဆင့်ဆိုသည့်ဗျာဒိတ် တော်များအကြောင်း၊ ဗိမာန်တော်ကိုသူ ပြန်လည်တည်ဆောက်ခြင်းအကြောင်းများ ပါရှိ၏။ သားတော်အာမဇိသည်သူ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
၂ ရာဇဝင်ချုပ် 24:1-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောရှနန်းတက်သောအခါ သက်တော်ခုနစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင် အနှစ်လေးဆယ် စိုးစံ၏။ မယ်တော်ကား ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ ယောယဒသည် ယောရှမင်းကြီးအတွက် မိဖုရားနှစ်ပါးကို ရွေးချယ်ပေးပြီး သားတော်သမီးတော်များကို ရလေ၏။ နောက်ပိုင်းတွင် ယောရှမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်ပြုပြင်ရန် စိတ်ပိုင်းဖြတ်ပြီး ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများကို စုရုံး၍ သူတို့အား “ယုဒမြို့ရွာများသို့သွား၍ ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ရန်အတွက် အစ္စရေးလူမျိုးတစ်မျိုးလုံးတို့ထံမှ နှစ်စဉ်ကြေးငွေများကောက်ခံကြလော့။ ဤအမှုကို ချက်ချင်းလုပ်ဆောင်လော့”ဟု မိန့်ဆို၏။ သို့သော် လေဝိအမျိုးတို့သည် ချက်ချင်းမလုပ်ဆောင်ဘဲ နေကြ၏။ ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။ ဆိုးယုတ်သောဘုရင်မအာသလိ၏သားတို့သည် ဘုရားသခင်၏အိမ်တော်ကိုဖြိုဖျက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကိုယူသွား၍ ဗာလဘုရားအတွက် အသုံးပြုခဲ့ကြ၏။ ထို့နောက်တွင် ရှင်ဘုရင်၏အမိန့်တော်အတိုင်း သေတ္တာတစ်လုံးကိုပြုလုပ်ပြီး ထာဝရဘုရား၏အိမ်တော်တံခါးအပြင်ဘက်နားတွင် ထားကြ၏။ တောကန္တာရတွင် ဘုရားသခင်၏အစေအပါးမောရှေက အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့သည့်အတိုင်း ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် ထာဝရဘုရားအထံတော်သို့ အခွန်ငွေကိုယူဆောင်လာကြရန် ကြေညာလိုက်၏။ မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ယူဆောင်လာ၍ သေတ္တာပြည့်သည်အထိ ထည့်ကြ၏။ လေဝိအမျိုးသားတို့သည် ငွေအမြောက်အမြားရလာပြီဖြစ်ကြောင်း သိမြင်လျှင် သေတ္တာကို ဘုရင့်အမှုထမ်းများထံသို့ ယူဆောင်လာကြ၏။ ထိုအခါ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်အကြီးအကဲတို့သည်လာ၍ သေတ္တာထဲမှ ငွေကိုထုတ်ပြီး ယူဆောင်သွား၏။ သေတ္တာကိုမူ သူ့နေရာတွင် ပြန်ထားစေ၏။ နေ့စဉ်နေ့တိုင်း ထိုသို့ပြုရာ ငွေအမြောက်အမြားကို ကောက်ခံရရှိလေ၏။ ရှင်ဘုရင်နှင့်ယောယဒသည် ထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အမှုကိုဆောင်ရွက်သူတို့လက်သို့အပ်၏။ သူတို့က ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငှား၏။ ထို့အတူ ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် သံ၊ ကြေးနီတို့ကိုသွန်းလုပ်တတ်သောပန်းပဲသမားတို့ကို ငှား၏။ အလုပ်လုပ်သောသူတို့သည် အလုပ်ကိုကြိုးစား၍လုပ်ဆောင်ကြ၏။ သူတို့လုပ်ဆောင်သောအိမ်တော်ပြုပြင်ခြင်းအမှုသည်လည်း အထမြောက်၍ ဘုရားသခင်၏အိမ်တော်ကို ယခင်ပုံစံအတိုင်း ခိုင်ခံ့အောင်ပြုပြင်ကြ၏။ အိမ်တော်ပြုပြင်ခြင်းအမှုပြီးစီးသောအခါ ကျန်ရှိသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံ ယူဆောင်လာကြ၏။ ထိုငွေဖြင့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်များ၊ အမှုတော်နှင့် မီးရှို့ရာယဇ်ပူဇော်ခြင်းအတွက် လိုအပ်သောအသုံးအဆောင်များ၊ ခွက်များ၊ ရွှေထည်ငွေထည်အသုံးအဆောင်များကို ပြုလုပ်၏။ ယောယဒလက်ထက်တစ်လျှောက်လုံး ထာဝရဘုရား၏အိမ်တော်တွင် မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။ ယောယဒသည် အသက်ကြီး၍သက်တမ်းစေ့သောအခါ ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင် အသက်တစ်ရာ့သုံးဆယ် ရှိ၏။ သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။ ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။ သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။ ထာဝရဘုရားထံ ပြန်လှည့်လာကြရန် ပရောဖက်များကို သူတို့ထံ စေလွှတ်တော်မူ၏။ ပရောဖက်တို့သည် သူတို့ကိုသတိပေးသော်လည်း သူတို့ နားမထောင်ကြ။ ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။ ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။ ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။ နှစ်လည်သောအခါ ဆီးရီးယားတပ်သည် ယောရှမင်းကြီးကိုတိုက်ခိုက်ရန် စစ်ချီလာ၏။ သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ ဝင်ရောက်၍ ပြည်သူပြည်သားတို့၏အကြီးအကဲများအားလုံးကို သတ်ပြီး တိုက်ရာပါပစ္စည်းအားလုံးကို ဒမတ်စကပ်ဘုရင်ထံ ပေးပို့ဆက်သကြ၏။ ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။ သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။ သူ့ကို လုပ်ကြံသောသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားဇာဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်၏သားယဟောဇဗဒ် တို့ဖြစ်ကြ၏။ သူ့သားတော်များအကြောင်း၊ သူနှင့်ပတ်သက်သောဗျာဒိတ်တော်များအကြောင်း၊ ဘုရားသခင်၏အိမ်တော်ကိုပြုပြင်ခဲ့ပုံအကြောင်းများကို ရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။