၁ ဓမ္မရာဇဝင် 16:1-23 - ဗားရှင်းအားလုံးကို နှိုင်းယှဉ်ရန်
၁ ဓမ္မရာဇဝင် 16:1-23 JBMLE (Judson Bible)
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတမ်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာလာပြီဟု ပြောလော့။ ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့သား အသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက်ကြသော်၊ ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟုဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ခေါ်လေ၏။ သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊ ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်ဟု ရှမွေလအားမိန့်တော်မူ၏။ တစ်ဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။ တစ်ဖန် ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။ တစ်ဖန် ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ။ သင်၌ သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲက အငယ်ဆုံးသောသား ရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကိုခေါ်စေခြင်းငှာ လူကိုစေလွှတ်ပါ။ သူမရောက်မီ ပွဲသို့ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊ စေလွှတ်၍ သူ့ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်း ရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။ ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည်ထ၍ ရာမမြို့သို့ ပြန်သွား၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှောလုမှထွက်သွား၍၊ ထာဝရဘုရားထံတော်က ဆိုးသောဝိညာဉ်သည် နှောင့်ယှက်တတ်၏။ ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသောဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ယှက်တတ်ပါ၏။ ခစားသော ကိုယ်တော်၏ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည်အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊ ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဖို့ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊ ကျွန်တစ်ယောက်က၊ ကျွန်တော်တွေ့ဖူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌လည်းကောင်း၊ ပညာစကား၌လည်းကောင်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊ ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ်ရမည်ဟု အမိန့်တော်ရှိ၏။ ယေရှဲသည် မုန့်တင်သောမြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကိုယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံသို့ ပေးလိုက်လေ၏။ ဒါဝိဒ်သည် ရှောလုထံသို့ရောက်၍ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင်အရာ၌ ခန့်ထား၏။ ရှောလုသည်လည်း ယေရှဲရှိရာသို့လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိကျန်းမာလျက်ရှိတတ်၏။
၁ ဓမ္မရာဇဝင် 16:1-23 MSBU (မြန်မာ့စံမီသမ္မာကျမ်း)
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။ ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။ ရှမွေလလည်း ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ပြု၏။ သူသည် ဗက်လင်မြို့သို့ရောက်သောအခါ ထိုမြို့၏သက်ကြီးဝါကြီးတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီး သူနှင့်လာတွေ့၍ “အရှင်သည် ငြိမ်းချမ်းရေးအတွက် လာသလော”ဟု မေးကြ၏။ ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။ သူတို့ရောက်လာကြသောအခါ ရှမွေလသည် ဧလျာဘကိုမြင်လျှင် “ထာဝရဘုရား ဘိသိက်ပေးမည့်သူသည် ရှေ့မှောက်တော်သို့ ရောက်ပြီ”ဟု တွေး၏။ ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ယေရှဲသည် အဘိနဒပ်ကို ရှမွေလရှေ့သို့ ခေါ်လာပြလျှင် ရှမွေလက “ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။ တစ်ဖန် ယေရှဲသည် ရှမ္မကို ခေါ်လာပြလျှင် ရှမွေလက “သူ့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။ ယေရှဲသည် သားခုနစ်ယောက်ကို ရှမွေလရှေ့သို့ ခေါ်လာပြ၏။ သို့သော် ရှမွေလက ယေရှဲအား “သူတို့ကို ထာဝရဘုရားရွေးတော်မမူ”ဟူ၍သာ ပြော၏။ ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။ ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်လာစေ၏။ သူသည် နီမြန်းသောအသားအရေ၊ လှပသောမျက်လုံးနှင့် ခန့်ညားသောရုပ်ရည်ရှိ၏။ ထာဝရဘုရားက “ဤသူပင်ဖြစ်၏။ ထ၍ သူ့ကိုဘိသိက်ပေးလော့”ဟု မိန့်တော်မူ၏။ ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။ ယခုမှာ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းကြီးထံမှ ထွက်ခွာပြီး ထာဝရဘုရားထံတော်မှ ဝိညာဉ်ဆိုးသည် သူ့ကို နှောင့်ယှက်လေ၏။ ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း “ကြည့်ရှုလော့။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် အရှင့်ကိုနှောင့်ယှက်ပါပြီတကား။ ထို့ကြောင့် အရှင့်ထံခစားသောအမှုထမ်းတို့အား စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာဖွေစေပါ။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးနှောင့်ယှက်သောအခါတိုင်း ထိုသူစောင်းတီးပေးလျှင် အရှင် ပြန်ကောင်းသွားပါလိမ့်မည်”ဟု လျှောက်တင်ကြ၏။ ထို့ကြောင့် ရှောလုမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ယခုပင် စောင်းတီးကျွမ်းကျင်သူတစ်ဦးကို ရှာ၍ ငါ့ထံသို့ခေါ်လာလော့”ဟု အမိန့်ပေး၏။ ထိုအခါ အမှုထမ်းတို့ထဲမှ တစ်ယောက်က “ဗက်လင်မြို့သားယေရှဲ၏သားသည် စောင်းတီးကျွမ်းကျင်ကြောင်း သိရပါ၏။ သူသည် ရဲစွမ်းသတ္တိရှိသူ၊ တိုက်ရည်ခိုက်ရည်ရှိသူ၊ အပြောအဆိုလိမ္မာသူ၊ ရုပ်ရည်သန့်ပြန့်သူဖြစ်၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏”ဟု လျှောက်တင်လျှင် ရှောလုမင်းကြီးသည် ယေရှဲထံ တမန်တို့ကို စေလွှတ်၍ “သိုးကျောင်းနေသော သင်၏သားဒါဝိဒ်ကို ငါ့ထံ စေလွှတ်လော့”ဟု မှာလိုက်လေ၏။ ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။ ဒါဝိဒ်သည် ရှောလုမင်းကြီးထံသို့ရောက်၍ ရှေ့တော်၌အခစားဝင်သောအခါ ရှောလုမင်းကြီးသည် သူ့ကို အလွန်သဘောကျသဖြင့် မိမိ၏လက်နက်ကိုင်အဖြစ် ခန့်အပ်လေ၏။ ထို့နောက် ရှောလုမင်းကြီးသည် ယေရှဲထံ လူလွှတ်ပြီး “ဒါဝိဒ်ကို ငါနှစ်သက်သည်ဖြစ်၍ ငါ့ထံ၌ ခစားစေပါလော့”ဟု မှာလိုက်၏။ ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို နှောင့်ယှက်သည့်အခါ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးပေး၏။ ထိုအခါ ရှောလုမင်းကြီးထံမှ ဝိညာဉ်ဆိုးထွက်သွားသဖြင့် သူသည် သက်သာပြီး နေကောင်းသွားလေ၏။
၁ ဓမ္မရာဇဝင် 16:1-23 BCL (Common Language Bible)
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။ ရှမွေလသည်``ဤအမှုကိုအဘယ်သို့ပြုနိုင် ပါမည်နည်း။ ရှောလုကြားသိပါကအကျွန်ုပ် အားသတ်ပစ်ပါလိမ့်မည်'' ဟုလျှောက်၏။ ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။ ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။ ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။ သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။- သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။ ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။- ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။- ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊- ``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။- သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။- ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။- အစေခံတို့ကလည်းထာဝရဘုရားစေလွှတ် လိုက်သည့်နတ်မိစ္ဆာသည် အရှင်မင်းကြီးအားနှောင့် ယှက်ညှင်းဆဲလျက်နေသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။- သို့ဖြစ်၍အရှင်မင်းကြီး၊ ကိုယ်တော်သည်အကျွန်ုပ် တို့အားအမိန့်ပေးတော်မူပါလျှင် စောင်းတီးတတ် သူကိုအကျွန်ုပ်တို့ရှာပါမည်။ သူသည်နတ်မိစ္ဆာ ဝင်လာချိန်၌စောင်းကိုတီးသဖြင့် အရှင်မင်း ကြီးသည်ပြန်လည်၍အကောင်းပကတိဖြစ် လာပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။ ရှောလုက``သာယာစွာစောင်းတီးတတ်သူကို ရှာ၍ငါ့ထံသို့ခေါ်ခဲ့လော့'' ဟုအမိန့်ပေး တော်မူလျှင်၊- အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။ ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။- ယေရှဲသည်မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည် အပြည့်ပါသောသားရေဘူးတစ်ဘူးနှင့်ဆိတ်ငယ် တစ်ကောင်ကို ဒါဝိဒ်နှင့်အတူရှောလုမင်းထံ သို့ပို့ဆက်လေ၏။- ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။- ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။- ထိုနေ့မှအစပြု၍ရှောလုကိုဘုရားသခင် စေလွှတ်တော်မူသောနတ်မိစ္ဆာဝင်သည့်အခါတိုင်း ဒါဝိဒ်သည်စောင်းကိုယူ၍တီးလေ့ရှိ၏။ ထို အခါနတ်မိစ္ဆာသည်ထွက်ခွာသွားသဖြင့် ရှောလုသည်သက်သာ၍တစ်ဖန်ကျန်းမာ လာလေသည်။