၃ ဓမ္မရာဇဝင် 7:1-51
၃ ဓမ္မရာဇဝင် 7:1-51 Judson Bible (JBMLE)
တစ်ဖန် ရှောလမုန်သည် တစ်ဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကိုတည်ဆောက်၍ လက်စသတ်လေ၏။ နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင်လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။ တိုင်တစ်စဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင်ပေါင်းလေးဆယ်ငါးအပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့် မိုးလေ၏။ အလင်းဝင်စရာ ပြတင်းပေါက်သုံးတန်းစီ အဆင့်ဆင့်မျက်နှာချင်းဆိုင်လျက် တစ်ဖက်တစ်ချက်၌ ရှိကြ၏။ တံခါးပေါက်ရှိသမျှ တံခါးတိုင်ရှိသမျှတို့သည် စတုရန်းလေးထောင့်ဖြစ်ကြ၏။ တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်းလုပ်လေ၏။ တရားစီရင်ရာ ကနားပြင်တည်းဟူသော တရားပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတစ်ဖက်မှ တစ်ဖက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့် မိုးလေ၏။ နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တံတိုင်းလည်းရှိ၏။ ရှောလမုန်စုံဖက်သော ဖာရောဘုရင်၏သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။ တံတိုင်းကြီး ပြင်ဘက်တိုင်အောင်လည်းကောင်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်လည်းကောင်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဖက်စလုံး လွှနှင့်တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသောကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ဖြင့်ပြီး၏။ အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့်အညီ လုပ်သောကျောက်၊ ထူးဆန်းသောကျောက်နှင့် အာရဇ်သစ်သားရှိ၏။ တံတိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတစ်တန်းဖြင့် ပြီး၏။ ဗိမာန်တော်အတွင်းတံတိုင်း၊ နန်းတော်ကနားပြင် တံတိုင်းတို့သည် ထိုအတူပြီးကြ၏။ ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကိုခေါ်လေ၏။ ထိုဟိရံကား၊ နဿလိအမျိုးမုဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။ ထိုသူသည် အမြင့်တစ်ဆယ်ရှစ်တောင်၊ လုံးပတ်တစ်ဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။ တိုင်အပေါ်မှာတင်စရာဖို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။ ကြေးဝါကွန်ရွက်နှင့် ကြေးဝါကြိုးတို့ကိုလည်းလုပ်၍၊ တိုင်တစ်တိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ်ပေါ်မှာ ဖုံးလွှမ်းလေ၏။ ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ်ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။ ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့်ပုံတူ၍ အချင်းလေးတောင်ရှိ၏။ တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့်နီးစပ်သော ထုပိကာအပေါ်မှာတည်လျက်၊ တိုင်ထိပ်တစ်ခု၌ သလဲသီးနှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။ ထိုတိုင်တို့ကို ဗိမာန်တော် ကနားပြင်ထဲမှာ စိုက်ထား၍ လက်ယာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။ တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည်စေ့စုံကြ၏။ အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အဇောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်းလုပ်လေ၏။ ရေကန်အနားပတ်အောက်ပတ်လည်၌ အတောင်တစ်တောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစ်စပ်တည်း သွန်းလေ၏။ ထိုရေကန်သည် နွားတစ်ဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။ ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။ တစ်ဖန် အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင်ပမာဏရှိသော ကြေးဝါခုံတစ်ဆယ်ကိုလုပ်လေ၏။ ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊ ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ်အပေါ်မှာ ခုံတစ်ခုတင်လျက်ရှိ၏။ ခြင်္သေ့နှင့်နွားအောက်၌လည်း အပြောက်မျိုးရှိ၏။ ခုံတစ်ခု၌ ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုးနှင့်တကွ ရှိ၏။ အင်တုံတင်စရာဖို့ ခုံလေးထောင့်၌ ပခုံးတို့ကို ခုံနှင့်တစ်စပ်တည်း သွန်းလေ၏။ အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တစ်တောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတစ်တောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။ ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာ နေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တစ်တောင်ထွာရှိ၏။ ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။ ခုံလေးထောင့်၌ တစ်စပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊ ထိုပခုံးပေါ်မှာ လုံးပတ်တစ်ထွာရှိသော ကွင်းကိုတပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့်တစ်စပ်တည်းသွန်းလေ၏။ ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ်လျက်ရှိ၏။ ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံတင်ရာခုံ တစ်ဆယ်ကို သွန်း၍ပြီးလေ၏။ အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံတစ်ဆယ်ကိုလည်းလုပ်၍၊ ခုံတစ်ခုပေါ်မှာ အင်တုံတစ်လုံးစီ တင်ထားလေ၏။ အိမ်တော်လက်ယာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ယာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။ ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်းလုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူကား၊ တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွတ်နှစ်ခု၊ တိုင်ထိပ်အထွတ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊ ဖုံးလွှမ်းစရာကွန်ရွက်တစ်ရွက်အဖို့ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊ ခုံဆယ်ခု၊ ခုံပေါ်မှာတင်ထားသော အင်တုံဆယ်လုံး၊ ရေကန်တစ်ကန်၊ ရေကန်ကိုထောက်သော နွားတစ်ဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များတည်း။ ရှောလမုန်မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။ ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။ ထိုတန်ဆာတို့သည် အလွန်များသောကြောင့်၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။ ရှောလမုန်သည်လည်း ထာဝရဘုရား၏အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသောရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊ ဗျာဒိတ်ဌာနတော်ရှေ့၊ လက်ယာဘက်၌ ရွှေစင်မီးခုံငါးခု၊ လက်ဝဲဘက်၌ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊ ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထားသော ရွှေပတ္တာများတို့ကိုလုပ်လေ၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။
၃ ဓမ္မရာဇဝင် 7:1-51 Common Language Bible (BCL)
ရှောလမုန်မင်းသည်မိမိအတွက်နန်းတော်ကို တစ်ဆယ့်သုံးနှစ်နှင့်အပြီးသတ်တည်ဆောက် တော်မူလေသည်။- လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။- နံရံနှစ်ခု၌မျက်နှာချင်းဆိုင်ပြူတင်း ပေါက်သုံးတန်းစီရှိ၏။- တံခါးပေါက်များနှင့်ပြူတင်းပေါက်များတွင် ထောင့်မှန်စတုဂံပုံသဏ္ဌာန်တံခါးဘောင်များ ရှိ၏။ ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။ အမှုအခင်းများကိုရှောလမုန်စစ်ဆေးစီရင် သည့် တရားစီရင်ရာခန်းမဆောင်ဟုခေါ်သော ရာဇပလ္လင်ခန်းကိုကြမ်းပြင်မှဒိုင်းများအထိ သစ်ကတိုးသားပျဉ်ဖြင့်ခင်းကာထားလေ သည်။ တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။ ဤအဆောက်အအုံရှိသမျှကိုအမြစ်မှ တံစက်မြိတ်တိုင်အောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ ထိုကျောက်တို့ကိုကျောက် ခွဲစခန်းတွင်အတိုင်းအတာအရ ဆစ်၍ အတွင်းအပြင်တို့ကိုလွှဖြင့်ညှိထား လေသည်။- အမြစ်တည်ဆောက်သည့်ကျောက်များမှာကျောက် ခွဲစခန်းတွင်ဆစ်ထားသည့်ကျောက်တုံးကြီး များဖြစ်၍ အချို့မှာအလျားတစ်ဆယ့်နှစ်ပေ၊ အချို့မှာတစ်ဆယ့်ငါးပေရှိသတည်း။- ကျောက်တုံးကြီးများအပေါ်တွင်ထပ်ဆင့်၍ အတိုင်းအတာအရဆစ်ထားသည့်အခြား ကျောက်များ၊ သစ်ကတိုးယက်မတုံးများ နှင့်တည်ဆောက်ထား၏။- နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။ ရှောလမုန်မင်းသည်တုရုမြို့သား၊ လက်ရာ မြောက်သူကြေးဝါပန်းတဉ်းဆရာဟိရံကို ဖိတ်ခေါ်တော်မူ၏။- ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။ ဟိရံသည်အမြင့်နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ် တစ်ဆယ့်ရှစ်ပေရှိသောကြေးဝါတိုင်ကြီး နှစ်လုံးကိုသွန်းလုပ်၍ ဗိမာန်တော်အဝင်ဝ မှာထားရှိ၏။- ထိုတိုင်ကြီးများထိပ်တွင်တပ်ဆင်ရန် အမြင့် ခုနစ်ပေခွဲရှိကြေးဝါတိုင်အုပ်နှစ်ခုကို လည်းပြုလုပ်လေသည်။- တိုင်ထိပ်တိုင်းကိုလည်းကြေးဝါကွန်ရွက်များ ဖြင့်လည်းကောင်း၊- ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။ တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊- ကွန်ရက်ပုံ၏အထက်ရှိထုပ်ကာအပေါ်၌တပ် ဆင်ထားလေသည်။ တိုင်ထိပ်အုပ်တစ်ခုစီ၏ပတ် လည်ရှိသလဲသီးကုံးနှစ်ကုံးတွင် သလဲသီး လုံးရေနှစ်ရာရှိသတည်း။ ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။- ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။ ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။- ရေကန်၏အပြင်အနားပတ်လည်၌ဘူးသီး တန်းနှစ်တန်းကို ရေကန်ကြီးနှင့်တစ်စပ်တည်း သွန်းလုပ်လေသည်။- ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။- ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။ ဟိရံသည် ကြေးဝါလက်တွန်းလှည်းဆယ်စီးကို လည်းပြုလုပ်၏။ ထိုလှည်းတို့သည်အလျားခြောက် ပေ၊ အနံခြောက်ပေနှင့်အမြင့်လေးပေခွဲစီရှိ ကြ၏။- ယင်းတို့ကို ဘောင်သွင်းထားသည့်စတုရန်း မှန်ကူကွက်ပုံများဖြင့်ပြုလုပ်ထားလေသည်။- ထိုမှန်ပုံများတွင် ခြင်္သေ့ရုပ်၊ နွားရုပ်နှင့်ခေရုဗိမ် ရုပ်များကိုထုလုပ်ထား၏။ ခြင်္သေ့ရုပ်များ၊ နွားရုပ် များ၏အထက်နှင့်အောက်တွင်ရှိသည့်ဘောင် များ၏အပေါ်၌ပန်းဆိုင်းများကိုရုပ်လုံး ဖော်၍ထုလုပ်ထား၏။- လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊- အင်တုံတင်ရန်အတွက်တိုင်ထိပ်များကိုစက်ဝိုင်း ပုံသဏ္ဌာန်ဘောင်ခတ်၍ထားလေသည်။ ထိုဘောင် သည်လှည်းထက်တစ်ဆယ့်ရှစ်လက်မမြင့်၍ လှည်း အတွင်းသို့ခုနစ်လက်မဝင်လျက်နေ၏။ ယင်း ၏ပတ်လည်၌လည်းအရုပ်များထုလုပ်၍ ထားသတည်း။- ဘီးများမှာနှစ်ဆယ့်ငါးလက်မစီမြင့်၍ မှန် ကူကွက်ပုံများအောက်၌တည်ရှိ၏။ ဝင်ရိုး များကိုမူလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်ထားလေသည်။- ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။- လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။- လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။- ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။- ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။ ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။- ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။ ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။ တိုင်ကြီးနှစ်လုံး၊ ဖလားပုံသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်များတွက်ကွန်ရက်များ၊ ကွန်ရက်ပတ်လည်မှအလုံးတစ်ရာစီရှိသော သလဲသီးကုံးနှစ်ကုံးအတွက်သလဲသီး အလုံးလေးရာ၊ လက်တွန်းလှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်တင်ရန်နွားရုပ်ဆယ့်နှစ်ခု၊ အိုးများ၊ ကော်ပြားများနှင့်ခွက်ဖလားများ၊ ဗိမာန်တော်တွင်အသုံးပြုရန်ရှောလမုန်မင်းအတွက် ဟိရံပြုလုပ်ပေးသောဤပစ္စည်းတန်ဆာတို့သည် အရောင်တင်ထားချွတ်ပြီးကြေးဝါဖြင့်ပြီးကြ၏။- မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။- ထိုပစ္စည်းတန်ဆာတို့သည်အလွန်များသော ကြောင့်မချိန်တွယ်ဘဲထား၏။ ထို့ကြောင့်ယင်း တို့၏အလေးချိန်ကိုမသိနိုင်။ ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊- အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊- ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။ ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။
၃ ဓမ္မရာဇဝင် 7:1-51 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလမုန်မင်းကြီးသည် မိမိနန်းတော်ကိုလည်းတည်ဆောက်ရာ တစ်ဆယ့်သုံးနှစ်အကြာတွင် နန်းတော်တစ်ခုလုံး ပြီးစီးလေ၏။ အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိသော လက်ဘနွန်တောစံနန်းဆောင်ကို တည်ဆောက်၏။ သစ်ကတိုးသားတိုင်လေးတန်းတန်းပြီး ထိုတိုင်များပေါ်တွင် ရက်မများကို တင်ထား၏။ တိုင်အပေါ်ရှိ ရက်မများကို သစ်ကတိုးသားများဖြင့် မိုးထား၏။ တစ်တန်းလျှင် တစ်ဆယ့်ငါးခုစီရှိ၍ တိုင်ပေါင်းလေးဆယ့်ငါးတိုင်ရှိ၏။ ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။ အဝင်ဝတံခါးနှင့် တံခါးတိုင်ရှိသမျှတို့တွင် စတုရန်းပုံလေးထောင့်ကွက်များပါရှိပြီး ပြတင်းပေါက်သုံးတန်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တိုင်လုံးများပါရှိသည့် အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော နန်းတော်ခန်းမဆောင်ကိုလည်း ဆောက်လုပ်၏။ ထိုတိုင်လုံးများ၏မျက်နှာစာတွင် တိုင်များနှင့်အမိုးပါသောဆင်ဝင်ဆောင်လည်း ရှိ၏။ တရားစီရင်ရာ တရားပလ္လင်ခန်းမဆောင်ကိုလည်း တည်ဆောက်၏။ ထိုတရားစီရင်ရာခန်းမဆောင်သည် ကြမ်းခင်းမှဒိုင်းအထိ သစ်ကတိုးသားများဖြင့် ပြီးလေ၏။ မိမိစံမြန်းရာနန်းဆောင်ကို ထိုခန်းမဆောင်၏အနောက်ဘက်ဝင်းတွင် ထိုပုံစံအတိုင်း ဆောက်လုပ်၏။ မိမိစုံဖက်ထားသော ဖာရောမင်းကြီး၏သမီးတော်စံမြန်းရာနန်းဆောင်ကိုလည်း ထိုခန်းမဆောင်ပုံစံအတိုင်း ဆောက်လုပ်ပေး၏။ အုတ်မြစ်မှအစ တံစက်မြိတ်အဆုံး၊ အပြင်ဘက်မှအစ တံတိုင်းကြီးအဆုံး နန်းတွင်းနန်းပြင်အလုံးစုံကို အရွယ်အစားအလိုက် လွှဖြင့်တိုက်ဖြတ်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များဖြင့် ဆောက်လုပ်ထား၏။ ကျောက်ကောင်းကျောက်မြတ်များ၊ ကျောက်တုံးကြီးများဖြင့် အုတ်မြစ်ကို ချထားပြီး ထိုကျောက်တုံးများမှာ ရှစ်တောင်၊ ဆယ်တောင် စသည်ဖြင့်ရှိ၏။ ထိုအုတ်မြစ်အပေါ်တွင် အရွယ်အစားအလိုက်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များနှင့် သစ်ကတိုးသားများကို အသုံးပြုထား၏။ ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။ ထို့နောက် ရှောလမုန်မင်းကြီးသည် တိုင်ရာမြို့မှ ဟိရံကို လူလွှတ်ခေါ်စေ၏။ ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။ သူသည် အမြင့်တစ်ဆယ့်ရှစ်တောင်၊ လုံးပတ်တစ်ဆယ့်နှစ်တောင်ရှိသော ကြေးနီတိုင်နှစ်တိုင်ကို သွန်းလုပ်၏။ တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။ တိုင်ထိပ်ရှိတိုင်အုပ်ပေါ်တွင် ရာဇမတ်ကွက်များဖော်ထားပြီး ကျစ်ဆံမြီးပုံကြိုးများကို ပန်းဆိုင်းသဖွယ် ချထား၏။ ကြိုးများသည် ပထမတိုင်တွင်ခုနစ်ခု၊ ဒုတိယတိုင်တွင်ခုနစ်ခုပါရှိ၏။ တိုင်နှင့်တကွ သလဲသီးပုံအလုံးများကို သွန်းလုပ်ပြီး တိုင်ထိပ်အုပ်နှစ်ခုစလုံးရှိ ရာဇမတ်ကွက်တွင် သလဲသီးအတန်းနှစ်တန်းရစ်ပတ်ထားခြင်းဖြင့် အလှဆင်ထား၏။ တိုင်ထိပ်ရှိ တိုင်ထိပ်အုပ်ပေါ်၌ အမြင့်လေးတောင်ရှိသောနှင်းပန်းပုံပါရှိ၏။ ထိုတိုင်တို့သည် ဆင်ဝင်တစ်ဖက်တစ်ချက်တွင်ရှိ၏။ တိုင်နှစ်တိုင်လုံး၏ထိပ်အုပ်တစ်ခုစီရှိ ရာဇမတ်ကွက်ဖော်ထားသည့်အလုံးနှင့်ဆက်သောနေရာပတ်ပတ်လည်တွင် သလဲသီးပုံအလုံးနှစ်ရာစီရှိ၏။ ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။ တိုင်ထိပ်တွင် နှင်းပန်းပုံဖော်ထား၏။ ဤသို့ဖြင့် ကြေးတိုင်သွန်းလုပ်ခြင်းအမှု ပြီးစီးလေ၏။ အချင်းအတောင်တစ်ဆယ်ရှိ၍ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။ ရေကန်အဝ၏အောက်နားတွင် သစ်သီးပုံကို တစ်တောင်လျှင်ဆယ်လုံးစီ ပတ်ပတ်လည် ထွင်းထုထား၏။ သစ်သီးပုံအတန်းနှစ်တန်းရှိပြီး ရေကန်နှင့်တစ်သားတည်းဖြစ်အောင် သွန်းလုပ်ထား၏။ ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။ ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။ ထို့ပြင် ကြေးနီတွန်းလှည်းဆယ်ခုကိုလည်း သွန်းလုပ်၏။ တွန်းလှည်းတစ်ခုစီသည် အလျားလေးတောင်၊ အနံလေးတောင်၊ အမြင့်သုံးတောင်ရှိ၏။ ထိုတွန်းလှည်းများ၏ပုံစံမှာ ကြေးနီပြားဘေးဘောင်များပါရှိ၏။ ထိုကြေးနီပြားများကို ဘောင်ကွပ်ထား၏။ ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ်ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။ တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။ လှည်းအိမ်အတွင်းမှ အင်တုံအဝရှိ ထိပ်ကွပ်အထိ အမြင့်တစ်တောင်ရှိ၏။ လှည်းအိမ်အဝသည် အောက်ခံကဲ့သို့ အဝိုင်းဖြစ်၍ အချင်းတစ်တောင်ခွဲရှိ၏။ လှည်းအိမ်အဝပတ်ပတ်လည်တွင် အရုပ်ထွင်းထုထား၍ ဘောင်သည် အဝိုင်းမဟုတ်၊ စတုရန်းပုံဖြစ်၏။ ဘီးလေးဘီးသည် ဘောင်များ၏အောက်၌ရှိပြီး ဘီးများ၏ဝင်ရိုးသည် လှည်းကိုယ်ထည်နှင့် ဆက်ထား၏။ ဘီးတစ်ဘီးစီ၏အမြင့်မှာ တစ်တောင်ခွဲရှိ၏။ ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။ တွန်းလှည်းတစ်ခုစီ၏ထောင့်လေးထောင့်တွင် ထောက်တိုင်လေးတိုင်ပါရှိ၏။ ထောက်တိုင်တို့သည် လှည်းနှင့်တစ်သားတည်းဖြစ်၏။ တွန်းလှည်း၏အပေါ်ဘက်တွင် တစ်ထွာခန့်ထူသောခွေဖြင့် ကွပ်ထား၏။ တွန်းလှည်းအပေါ်ဘက်ရှိ လက်ကိုင်များသည် ဘောင်များနှင့် တစ်သားတည်းသွန်းထား၏။ လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ်ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။ တွန်းလှည်းဆယ်ခုစလုံးကို ထိုအတိုင်း သွန်းလုပ်သောကြောင့် ပုံစံတူ၊ အရွယ်အစားတူဖြစ်၏။ တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။ ထို့နောက် တွန်းလှည်းငါးခုကို အိမ်တော်၏ယာဘက်ခြမ်း၌လည်းကောင်း၊ ကျန်ငါးခုကို ဝဲဘက်ခြမ်း၌လည်းကောင်း နေရာချထား၏။ ရေကန်ကိုမူ အိမ်တော်၏ယာဘက်ခြမ်း အရှေ့တောင်ထောင့်တွင် နေရာချထား၏။ ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။ တိုင်နှစ်တိုင်နှင့် ထိုတိုင်နှစ်တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်များ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ထားသောရာဇမတ်ကွက်နှစ်ခု၊ ထိုရာဇမတ်ကွက်နှစ်ခုကို အလှဆင်ဖို့ သလဲသီးပုံအလုံးလေးရာ၊ တိုင်ထိပ်ရှိဖလားပုံတိုင်အုပ်နှစ်ခုကို အလှဆင်ဖို့ ရာဇမတ်ကွက်တစ်ခုစီအတွက်သလဲသီးပုံအတန်းနှစ်တန်း၊ တွန်းလှည်းဆယ်စီးနှင့် တွန်းလှည်းပေါ်တင်ထားရန် အင်တုံဆယ်လုံး၊ ရေကန်တစ်ကန်နှင့် ရေကန်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။ ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့် ဇာရတန်မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့စေးမြေအရပ်၌ သွန်းလုပ်၏။ ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊ သန့်ရှင်းရာဌာနရှေ့တွင် ယာဘက်၌ ဆီမီးခုံငါးခုံ၊ ဝဲဘက်၌ ဆီမီးခုံငါးခုံတို့ကို ရွှေစင်ဖြင့်သွန်းလုပ်၏။ ထို့ပြင် ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊ ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။