YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 2:1-46 - ဗားရှင်းအားလုံးကို နှိုင်းယှဉ်ရန်

၃ ဓမ္မရာဇဝင် 2:1-46 JBMLE (Judson Bible)

ဒါ​ဝိဒ်​သည် အ​နိ​စ္စ​ရောက်​ရ​သော​အ​ချိန်​နီး​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ပ​ညတ်​ထား​တော်​မူ​သည်​ကား၊ မြေ​ကြီး​သား​အ​ပေါင်း​တို့၏​သွား​ရာ​လမ်း​သို့ ငါ​သွား​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​လော့။ ယောက်ျား၏ ဂုဏ်​သ​တ္တိ​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ သင်၏​သား​မြေး​တို့​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ရှေ့​မှာ သ​မ္မာ​တ​ရား၌​ကျင်​လည်​ခြင်း​ငှာ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ​သော စ​ကား​တော်​တည်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ၌ အောင်​မြင်​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​သို့​လိုက်၍၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌​ပါ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ​သော​စ​ကား​ကို နား​ထောင်​လော့။ ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ငါ၌​ပြု​သော​အ​မှု၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ်​နှစ်​ပါး နေ​ရ၏​သား​အာ​ဗ​နာ၊ ယေ​သာ၏​သား​အာ​မ​သ၌ ပြု​သော​အ​မှု​တည်း​ဟူ​သော သူ​တို့​ကို​သတ်၍ စစ်​မ​တိုက်​ဘဲ စစ်​အ​သွေး​ကို​သွန်း​လောင်း​သ​ဖြင့်၊ မိ​မိ​ဝတ်​သော​ခါး​စည်း၊ မိ​မိ​နင်း​သော​ခြေ​နင်း​တို့​ကို စစ်​အ​သွေး​နှင့် လူး​သော​အ​မှု​ကို သင်​သိ​သည်​ဖြစ်၍၊ သင်၌​ပ​ညာ​ရှိ​သည်​အ​တိုင်း စီ​ရင်​လျက်၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ဦး​ခေါင်း​ကို မ​ရ​ဏနိုင်​ငံ​သို့ ငြိမ်​ဝပ်​စွာ​မ​ဆင်း​စေ​နှင့်။ ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ၏​သား​တို့​ကို​ကား ကျေး​ဇူး​ပြု၍ စား​ပွဲ​တော်၌ စား​သော​လူ​စု​ထဲ​သို့ ဝင်​စေ​လော့။ သင့်​အစ်​ကို​အ​ဗ​ရှ​လုံ​ကြောင့် ငါ​ပြေး​ရ​သော​အ​ခါ၊ သူ​တို့​သည် ထို​သို့​သော​ကျေး​ဇူး​ကို​ပြု၍ ငါ့​ထံ​သို့​လာ​ကြ၏။ ငါ​သည် မ​ဟာ​နိမ်​မြို့​သို့​သွား​သော​နေ့၌ ငါ့​ကို ကြမ်း​တမ်း​စွာ ကျိန်​ဆဲ​သော​သူ၊ ဗင်္ယာ​မိန်​အ​မျိုး​ဗာ​ဟု​ရိမ်​ရွာ​သား၊ ဂေ​ရ၏​သား​ရှိ​မိ​သည် သင့်​လက်၌​ရှိ၏။ သူ​သည် ငါ့​ကို​ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ယော်​ဒန်​မြစ်​နား​သို့ လာ​သော​အ​ခါ၊ သင့်​ကို ငါ​မ​ကွပ်​မျက်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ငါ​ကျိန်​ဆို​သော်​လည်း၊ ထို​သူ​ကို အ​ပြစ်​မ​ရှိ​သော​သူ​ကဲ့​သို့ မ​မှတ်​ရ​ဘဲ၊ သင်​သည် လိ​မ္မာ​သော​သူ​ဖြစ်၍ သူ၌​အ​ဘယ်​သို့ စီ​ရင်​သင့်​သည်​ကို သိ​သည်​နှင့်​အ​ညီ၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ခေါင်း​ကို​အ​သေ​သတ်​ခြင်း​အား​ဖြင့် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​စေ​လော့​ဟု မှာ​ထား​တော်​မူ​ပြီး​မှ၊ ဒါ​ဝိဒ်​သည် ဘိုး​တော်​ဘေး​တော်​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​တော်​မူ၏။ ဟေ​ဗြုန်​မြို့၌ ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​လေး​ဆယ် စိုး​စံ​တော်​မူ၏။ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ၍၊ အာ​ဏာ​တော်​သည် အ​မြဲ​တည်၏။ ထို​နောက် ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား၍၊ ဗာ​သ​ရှေ​ဘ​က သင်​သည်​မိတ်​ဆွေ​ဖွဲ့​လျက် လာ​သ​လော​ဟု​မေး​လျှင်၊ မိတ်​ဆွေ​ဖွဲ့​လျက်​လာ​ပါ၏။ ပြော​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​ပါ​သည်​ဟု​ဆို​သော်၊ မယ်​တော်​က​ပြော​ပါ​ဟု ပြန်​ဆို၏။ အ​ဒေါ​နိ​ယ​က​လည်း၊ နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​သို့ ရောက်​သည်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို ရှင်​ဘု​ရင်​အ​ဖြစ်၌ ချီး​မြှောက်​ချင်​သည်​အ​ကြောင်း​ကို​လည်း​ကောင်း မယ်​တော်​သိ​ပါ၏။ သို့​သော်​လည်း နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​မှ​လွဲ၍ ညီ​တော်​လက်​သို့ ရောက်​ပါ​ပြီ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ၏။ ယ​ခု​မှာ တစ်​စုံ​တစ်​ခု​သော​ဆု​ကို မယ်​တော်၌ တောင်း​ချင်​ပါ၏။ မ​ငြင်း​ပါ​နှင့်​ဟု ဆို​လျှင်၊ မယ်​တော်​က ပြော​ပါ​ဟု​ဆို၏။ သူ​က​လည်း ရှော​လ​မုန်​မင်း​ကြီး​သည် ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို ကျွန်ုပ်​အား​ပေး​စား​တော်​မူ​မည်​အ​ကြောင်း လျှောက်​ပါ​တော့။ မင်း​ကြီး​သည် မယ်​တော်​ကို​ငြင်း​တော်​မ​မူ​နိုင်​ဟု ဆို​လေ​သော်၊ ဗာ​သ​ရှေ​ဘ​က ကောင်း​ပြီ။ သင့်​အ​ဖို့ နား​တော်​လျှောက်​မည်​ဟု​ဆို​ပြီး​မှ၊ အ​ဒေါ​နိ​ယ​အ​ဖို့ နား​တော်​လျှောက်​အံ့​သော​ငှာ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ သွား၏။ ရှင်​ဘု​ရင်​သည် မယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထ၍​ဦး​ချ​ပြီး​မှ၊ ပ​လ္လင်​တော်​ပေါ်​မှ ထိုင်​တော်​မူ၏။ မယ်​တော်​ထိုင်​စ​ရာ​ဖို့ စီ​ရင်၍ သူ​သည် လက်​ယာ​တော်​ဘက်​မှာ ထိုင်​လေ၏။ ထို​အ​ခါ မယ်​တော်​က၊ ငယ်​သော​ဆု တစ်​စုံ​တစ်​ခု​ကို တောင်း​ချင်​သည်​ဖြစ်၍ မ​ငြင်း​ပါ​နှင့်​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က မိ​ခင်၊ တောင်း​ပါ၊ ကျွန်ုပ်​မ​ငြင်း​ပါ​ဟု မိန့်​တော်​မူ၏။ မယ်​တော်​က​လည်း၊ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို နောင်​တော်​အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ​ဟု တောင်း​လေ​သော်၊ ရှော​လ​မုန်​မင်း​ကြီး​က၊ အ​ဒေါ​နိ​ယ​အ​ဖို့ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို​သာ အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း။ နိုင်​ငံ​တော်​ကို​လည်း သူ​အ​ဖို့​တောင်း​ပါ​လော့။ သူ​သည် ကျွန်ုပ်​နောင်​တော်​ဖြစ်၏။ သူ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဇေ​ရု​ယာ၏​သား​ယွာ​ဘ​အ​ဖို့ တောင်း​ပါ​လော့​ဟု မယ်​တော်​အား​ပြန်​ပြော​ပြီး​မှ၊ တစ်​ဖန် အ​ဒေါ​နိ​ယ​သည် ထို​သို့​တောင်း​သော်၊ မိ​မိ​အ​သက်​သေ​စေ​ခြင်း​ငှာ မ​တောင်း​မိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​ထို​မျှ​မ​က ပြု​တော်​မူ​စေ​သ​တည်း။ ငါ့​ကို​မြဲ​မြံ​စေ​သ​ဖြင့်၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်၍ က​တိ​တော်​နှင့်​အ​ညီ ငါ့​နေ​ရာ​နန်း​တော်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ဒေါ​နိ​ယ​သည် ယ​နေ့​အ​သေ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ပြီး​မှ၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို​စေ​လွှတ်၍၊ အ​ဒေါ​နိ​ယ​ကို သေ​အောင်​လုပ်​ကြံ​လေ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​အ​မျိုး​ကို​အ​ကြောင်း​ပြု၍၊ ရှိ​လော​မြို့၌ မိန့်​တော်​မူ​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း၊ ရှော​လ​မုန်​သည် အ​ဗျာ​သာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ယဇ်​ပု​ရော​ဟိတ်​မ​ဖြစ်​စေ​ခြင်း​ငှာ နှင်​ထုတ်​တော်​မူ၏။ ယွာ​ဘ​မူ​ကား၊ အ​ဗ​ရှ​လုံ နောက်​သို့​မ​လိုက်​သော်​လည်း၊ အ​ဒေါ​နိ​ယ​နောက်​သို့ လိုက်​သော​သူ​ဖြစ်၍၊ ထို​သ​တင်း​ကို ကြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။ ယွာ​ဘ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး​ပါ​ပြီ။ ယဇ်​ပ​လ္လင် အ​နား​မှာ​ရှိ​ပါ​သည်​ဟု ရှော​လ​မုန်​မင်း​ကြီး​အား လျှောက်​သော​အ​ခါ၊ ယွာ​ဘ​ကို လုပ်​ကြံ​လော့​ဟု ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို စေ​လွှတ်​တော်​မူ၏။ ဗေ​နာ​ယ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​သွား၍၊ ရှင်​ဘု​ရင်​ခေါ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ယွာ​ဘ​က ငါ​မ​သွား၊ ဤ​အ​ရပ်​မှာ အ​သေ​ခံ​မည်​ဟု​ဆို၏။ ဗေ​နာ​ယ​က​လည်း၊ ယွာ​ဘ​သည် ဤ​သို့​ပြန်​ပြော​ပါ၏​ဟု နား​တော်​လျှောက်​လေ​သော်၊ ရှင်​ဘု​ရင်​က၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို ယွာ​ဘ​သတ်​သော​အ​ပြစ်​နှင့် ငါ​မှ​စ၍ ငါ့​အ​ဆွေ​အ​မျိုး ကင်း​စင်​မည်​အ​ကြောင်း သူ့​စ​ကား​အ​တိုင်း​ပြု​လော့။ သူ့​ကို​လုပ်​ကြံ၍​သင်္ဂြိုဟ်​လော့။ သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။ ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် သွား​ပြီး​လျှင်၊ ယွာ​ဘ​ကို တိုက်​သတ်၍ တော​အ​ရပ်၊ ယွာ​ဘ​နေ​ရာ​အိမ်၌ သင်္ဂြိုဟ်​လေ၏။ ဗိုလ်​ချုပ်​ယွာ​ဘ​အ​ရာ၌ ယော​ယ​ဒ​သား ဗေ​နာ​ယ​ကို​လည်း​ကောင်း၊ အ​ဗျာ​သာ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း​ကောင်း ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ၏။ တစ်​ဖန် ရှင်​ဘု​ရင်​သည် ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိမ်​ကို​ဆောက်၍ နေ​ရ​မည်။ မြို့​ပြင်​သို့​ထွက်၍ အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​နှင့်။ မြို့​ပြင်​သို့​ထွက်၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ ကူး​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်​ဟု သ​တိ​နှင့်​မှတ်​လော့။ သင့်​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ သက်​ရောက်​စေ​ဟု မိန့်​တော်​မူ​သော်၊ ရှိ​မိ​က၊ အ​မိန့်​တော်​ကောင်း​ပါ၏။ အ​ရှင်​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်၍ ယေ​ရု​ရှ​လင်​မြို့၌ ကြာ​မြင့်​စွာ​နေ​လေ၏။ သို့​ရာ​တွင် သုံး​နှစ်​လွန်​သော​အ​ခါ၊ ရှိ​မိ၏​ကျွန်​နှစ်​ယောက်​တို့​သည် ဂါ​သ​မင်း​ကြီး​မာ​ခါ​သား အာ​ခိတ်​ထံ​သို့​ပြေး၍ ဂါ​သ​မြို့၌​ရှိ​ကြောင်း​ကို ရှိ​မိ​သည်​ကြား​လေ​သော်၊ ထ၍​မြည်း​ကို ကုန်း​နှီး​တင်​ပြီး​လျှင်၊ ကျွန်​တို့​ကို ရှာ​အံ့​သော​ငှာ ဂါ​သ​မြို့၊ အာ​ခိတ်​ထံ​သို့​သွား၍ ကျွန်​တို့​ကို ခေါ်​လေ၏။ ထို​သို့​ရှိ​မိ​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​သ​မြို့​သို့​သွား၍ ပြန်​လာ​ကြောင်း​ကို ရှော​လ​မုန်​မင်း​ကြီး ကြား​လေ​သော်၊ ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် မြို့​ပြင်​သို့​ထွက်၍ အ​ခြား​တစ်​ပါး​သော အ​ရပ်​သို့​သွား​လျှင်၊ သွား​သော​နေ့၌ အ​သေ​သတ်​ခြင်း​အ​မှန်​ခံ​ရ​မည်​ကို သ​တိ​နှင့်​မှတ်​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​လျက် သင့်​ကို ငါ​ကျိန်​ဆို​စေ၍ သ​တိ​ပေး​သည်​မ​ဟုတ်​လော။ သင်​က​လည်း ကျွန်​တော်​ကြား​ရ​သော​အ​မိန့်​တော် ကောင်း​ပါ​သည်​ဟု ဝန်​ခံ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သော ပ​ညတ်​ကို​လည်း​ကောင်း အ​ဘယ်​ကြောင့်​မ​စောင့်​သ​နည်း​ဟု မိန့်​တော်​မူ​ပြီး​မှ၊ တစ်​ဖန် သင်​သည် ကိုယ်​နှစ်​သက်​သည်​အ​တိုင်း ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၌ ပြု​ဖူး​သော ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို သင်​သိ၏။ သင်၏​ဒု​စ​ရိုက်​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ခေါင်း​ပေါ်​သို့​ရောက်​စေ​တော်​မူ၏။ ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။

၃ ဓမ္မရာဇဝင် 2:1-46 BCL (Common Language Bible)

ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။- မင်း​ကြီး​က``ငါ​သေ​ရ​မည့်​အ​ချိန်​ရောက်​ပြီ။ သင်​သည်​မိ​မိ​အ​စွမ်း​ကို​ယုံ​၍​ဇွဲ​သတ္တိ​ရှိ​စွာ၊- သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။- သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​နာ​ခံ​လျှင် ကိုယ် တော်​သည်​ငါ့​အား​ပေး​တော်​မူ​သော​က​တိ တော်​ကို​တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် က`သင်​၏​သား​မြေး​တို့​သည်​ငါ​၏​အ​မိန့် တော်​တို့​ကို​ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ​သ​မျှ​နှင့် တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ရန်​သ​တိ​ပြု သ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သူ​တို့​အား ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​စေ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ ``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။- သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။ ``ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​၏​သား​များ​ကို မူ က​ရု​ဏာ​ထား​၍​ကြည့်​ရှု​စောင့်​ရှောက်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​၏​အစ်​ကို​အ​ဗ ရှ​လုံ​၏​ဘေး​မှ​ငါ​ထွက်​ပြေး​ရ​စဉ်​အ​ခါ​က သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ပြု​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ``ဗင်္ယာ​မိန်​ပြည်၊ ဗာ​ဟု​ရိမ်​မြို့​သား​ဂေ​ရ​၏ သား​ရှိမိ​တစ်​ယောက်​လည်း​ရှိ​သေး​၏။ မ​ဟာ​နိမ် မြို့​သို့​ငါ​သွား​သည့်​နေ့​က​သူ​သည်​ငါ့​ကို ကြမ်း​တမ်း​စွာ​ကျိန်​ဆဲ​သော်​လည်း ယော်​ဒန် မြစ်​သို့​လာ​၍​ငါ့​အား​ခ​ရီး​ဦး​ကြို​ပြု​သော အ​ခါ​၌ ငါ​သည်​သူ့​အား​ကွပ်​မျက်​မည်​မ ဟုတ်​ကြောင်း​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု ခဲ့​သည်။- သို့​ရာ​တွင်​သင်​သည်​သူ့​ကို​အ​ပြစ်​ဒဏ်​မ​စီ ရင်​ဘဲ​မ​နေ​နှင့်။ ပြု​ရ​မည့်​အ​မှု​ကို​သင်​သိ သည်​အ​တိုင်း​သူ့​အား​သေ​ဒဏ်​စီရင်​ရ​မည်'' ဟု​မှာ​ကြား​တော်​မူ​၏။ ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။- သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။- ရှော​လ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ သူ​၏​တန်​ခိုး အာ​ဏာ​သည်​လည်း​တည်​တံ့​ခိုင်​မြဲ​၍ လာ​၏။ ထို​နောက်​ဟ္ဂိတ်​၏​သား​အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​၏​မယ်​တော်​ဗာ​သ​ရှေ​ဘ​ထံ​သို့ သွား​၏။ ဗာ​သ​ရှေ​ဘ​က``သင်​ယ​ခု​လာ​သည် မှာ​မိတ်​ဆွေ​အ​နေ​နှင့်​လော့'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``ဟုတ်​ပါ​သည်'' ဟု ပြန်​ပြော ပြီး​နောက်၊- ``အ​ကျွန်ုပ်​မှာ​မယ်​တော်​အား​ပန်​ကြား​စ​ရာ တစ်​ခု​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မယ်​တော်​က``အ​ဘယ်​အ​ရာ​နည်း'' ဟု​မေး​၏။ အ​ဒေါ​နိ​ယ​က``အ​ကျွန်ုပ်​သည်​ဘု​ရင်​ဖြစ် သင့်​သည်။ ယင်း​သို့​ဖြစ်​လိမ့်​မည်​ဟု​လည်း ဣသ​ရေ​လ​အ​မျိုး​သား​တိုင်း​မျှော်​လင့်​ခဲ့ သည်​ကို​မယ်​တော်​သိ​ပါ​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ အ​ကျွန်ုပ် သည်​ဘု​ရင်​မ​ဖြစ်​ဘဲ​အ​ကျွန်ုပ်​၏​ညီ​တော် က​ဘု​ရင်​ဖြစ်​လာ​ပါ​၏။- ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။ အ​ဒေါ​နိ​ယ​က``ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို အ​ကျွန်ုပ်​နှင့်​ပေး​စား​ထိမ်း​မြား​ရန်​ရှော​လ​မုန် မင်း​အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​ပေး​ပါ။ သူ​သည်​မယ်​တော်​၏​စ​ကား​ကို​ငြင်း​ပယ်​လိမ့် မည်​မ​ဟုတ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်'' ဟု ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က​လည်း``ကောင်း​ပြီ။ သင်​၏ အ​တွက်​မင်း​ကြီး​အား​ငါ​လျှောက်​ထား မည်'' ဟု​ဆို​၏။ ဗာ​သ​ရှေ​ဘ​သည်​အ​ဒေါ​နိ​ယ​အ​တွက် လျှောက်​ထား​ရန် မင်း​ကြီး​ထံ​သို့​သွား​လေ​၏။ မင်း​ကြီး​သည်​လည်း​မယ်​တော်​ကို​ခ​ရီး​ဦး ကြို​ပြု​အံ့​သော​ငှာ ထ​၍​ဦး​ညွှတ်​ပြီး​လျှင် ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။ ထို့​နောက် အ​ခြား​ပလ္လင်​တစ်​ခု​ခု​ကို​ယူ​ခဲ့​စေ​၍ မယ် တော်​အား​မိ​မိ​၏​လက်ယာ​ဘက်​တွင်​ထိုင်​စေ တော်​မူ​၏။- မယ်​တော်​က``သေး​ငယ်​သော​ဆု​ကျေးဇူး​တစ် ခု​တောင်း​လို​ပါ​သည်။ မ​ငြင်း​ပါ​နှင့်'' ဟု လျှောက်​၏။ မင်း​ကြီး​က``မယ်​တော်၊ တောင်း​ပါ၊ အ​ကျွန်ုပ် မ​ငြင်း​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မယ်​တော်​က``အ​ဘိ​ရှက်​ကို​နောင်​တော် အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ'' ဟု တောင်း​လေ​၏။ မင်း​ကြီး​က``မယ်​တော်​သည်​အ​ဘယ်​ကြောင့် သူ​၏​အ​တွက် အ​ဘိ​ရှက်​ကို​သာ​လျှင်​တောင်း ပါ​သ​နည်း။ ထီး​နန်း​ကို​ပါ​တောင်း​ခံ​ပါ​လော့။ အ​မှန်​ကို​ဆို​ရ​လျှင်​သူ​သည်​အ​ကျွန်ုပ်​၏ နောင်​တော်​ဖြစ်​၍ အ​ဗျာ​သာ​နှင့်​ယွာ​ဘ​တို့ သည်​လည်း​သူ​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​ပါ​သည်'' ဟု​မိန့်​တော်​မူ​၏။- ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။- ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။ ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။- ထို့​နောက်​ရှော​လ​မုန်​သည်​အ​ဗျာ​သာ​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ဆောင်​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​မှ​ထုတ်​ပယ်​တော်​မူ​၏။ ဤ​သို့​ဖြင့်​မင်း​ကြီး​သည်​ရှိ​လော​မြို့​၌ ယဇ်​ပု​ရော​ဟိတ်​ဧ​လိ​နှင့်​သား​မြေး​တို့​ကို အ​ကြောင်း​ပြု​၍ ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​တော်​တို့​ကို​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​သ​တည်း။ ဤ​အ​ဖြစ်​အ​ပျက်​ကို​ယွာ​ဘ​ကြား​သိ သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​သို့​ထွက်​ပြေး​ပြီး​လျှင်​ယဇ်​ပလ္လင် ထောင့်​စွယ်​များ ကို​ဆုပ်​ကိုင်​၍​ထား​၏။ (သူ​သည်​အ​ဒေါ​နိ​ယ အား​ကူ​ညီ​ခဲ့​သော်​လည်း​အ​ဗ​ရှ​လုံ​ကို​မူ မ​ကူ​ညီ​ခဲ့၊-) သူ​သည်​အ​ဒေါ​နိ​ယ​စံ​တော်​မူ​ရာ​တဲ​တော် သို့​ထွက်​ပြေး​ပြီး​လျှင် ယဇ်​ပလ္လင်​အ​နီး​တွင် ရပ်​လျက်​နေ​ကြောင်း​သ​တင်း​ရ​ရှိ​သော​အ​ခါ ရှော​လ​မုန်​မင်း​သည်​ယွာ​ဘ​အား​အ​ဘယ် ကြောင့်​ယဇ်​ပလ္လင်​သို့​ထွက်​ပြေး​ရ​သည်​ကို​လူ လွှတ်​၍​မေး​တော်​မူ​၏။ ထို​အ​ခါ​ယွာ​ဘ​က မိ​မိ​သည်​ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထာ ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထွက်​ပြေး​ရ​ခြင်း ဖြစ်​ကြောင်း​ပြန်​ကြား​လျှောက်​ထား​လေ​သည်။ ထို့​ကြောင့်​ရှော​လ​မုန်​မင်း​သည်​ဗေ​နာ​ယ ကို​စေ​လွှတ်​၍​ယွာ​ဘ​အား​ကွပ်​မျက်​စေ တော်​မူ​၏။- ဗေ​နာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​သို့​သွား​၍ ယွာ​ဘ​အား``အပြင် သို့​ထွက်​ခဲ့​လော့။ မင်း​ကြီး​အ​မိန့်​တော်​ရှိ သည်'' ဟု​ဆို​၏။ ယွာ​ဘ​က``ငါ​မ​လာ​လို။ ဤ​အ​ရပ်​တွင်​ပင် အ​သေ​ခံ​မည်'' ဟု​ပြန်​ပြော​၏။ ဗေ​နာ​ယ​သည်​လည်း​မင်း​ကြီး​ထံ​ပြန်​သွား ပြီး​လျှင် ယွာ​ဘ​ပြော​သည့်​စ​ကား​ကို​ပြန် ကြား​လျှောက်​ထား​လေ​သည်။ ရှော​လ​မုန်​မင်း​က​လည်း``ယွာ​ဘ​ပြော​သည် အ​တိုင်း​ပြု​လော့။ သူ့​ကို​ကွပ်​မျက်​၍​သင်္ဂြိုဟ် လိုက်​လော့။ ထို​အ​ခါ​အ​ပြစ်​မဲ့​သူ​များ​အား ယွာ​ဘ​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက် ငါ ၌​သော်​လည်း​ကောင်း၊ ဒါ​ဝိဒ်​၏​အ​ခြား​သား မြေး​များ​၌​သော်​လည်း​ကောင်း​တာ​ဝန်​ရှိ တော်​မူ​မည်​မ​ဟုတ်။- ငါ​၏​ခ​မည်း​တော်​မ​သိ​ဘဲ​ကူး​လွန်​ခဲ့​သည့် လူ​သတ်​မှု​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ယွာ​ဘ​အား​အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ ယွာ​ဘ​သည်​မိ​မိ​ထက်​သာ​လွန်​ကောင်း​မြတ် သည့်​ဣ​သ​ရေ​လ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​ဗ​နာ နှင့်​ယု​ဒ​တပ်​မ​တော်​ဗိုလ်​ချုပ်​အာ​မ​သ​တည်း ဟူ​သော​အ​ပြစ်​မဲ့​သူ​နှစ်​ဦး​အား​သတ်​ဖြတ် ခဲ့​ပေ​သည်။- ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့်​ဗေ​နာ​ယ​သည်​ထာ​ဝရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား​၍​ယွာ​ဘ အား​သတ်​ပြီး​လျှင် ကျေး​လက်​ရှိ​သူ​၏ နေ​အိမ်​တွင်​သင်္ဂြိုဟ်​လိုက်​လေ​သည်။- မင်း​ကြီး​သည်​ဗေ​နာ​ယ​ကို​ယွာ​ဘ​၏​နေ​ရာ တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား တော်​မူ​၍ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း အ​ဗျာ​သာ​၏​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။ ထို့​နောက်​မင်း​ကြီး​သည် ရှိ​မိ​ကို​ဆင့်​ခေါ်​တော် မူ​ပြီး​လျှင်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် အိမ်​တစ်​လုံး​ဆောက်​၍​နေ​ထိုင်​လော့။ ဤ​မြို့ မှ​မ​ထွက်​မ​ခွာ​နှင့်။- အ​ကယ်​၍​ကေ​ဒြုန်​ချောင်း​လွန်​အောင်​ထွက်​လာ လျှင်​သင်​သည်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်။ ထို​အ​ခါ မိ​မိ​ကိုယ်​ကို​သာ​လျှင်​အ​ပြစ်​တင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ရှိ​မိ​က​လည်း``ကောင်း​ပါ​ပြီ။ အ​ရှင်​မင်း​ကြီး။ အ​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ် လိုက်​နာ​ပါ​မည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​တွင်​ကာ​လ​ကြာ မြင့်​စွာ​နေ​ထိုင်​လေ​၏။ သို့​ရာ​တွင်​သုံး​နှစ်​ကြာ​သော​အ​ခါ​ရှိ​မိ​၏ ကျွန်​နှစ်​ယောက်​သည်​မာ​ခါ​၏​သား၊ ဂါ​သ ဘု​ရင်​အာ​ခိတ်​ထံ​သို့​ထွက်​ပြေး​ကြ​၏။ ရှိ​မိ သည်​ဂါ​သ​မြို့​တွင်​ထို​သူ​တို့​ရှိ​နေ​ကြောင်း သ​တင်း​ကြား​သော​အ​ခါ၊- မြည်း​ကို​ကုန်း​နှီး​တင်​ပြီး​လျှင်​ကျွန်​များ​ကို ရှာ​ရန်​အာ​ခိတ်​မင်း​ထံ​သို့​သွား​လေ​သည်။ သူ သည်​မိ​မိ​၏​ကျွန်​တို့​ကို​တွေ့​ရှိ​သ​ဖြင့်​အိမ် သို့​ပြန်​၍​ခေါ်​ခဲ့​၏။- ရှိ​မိ​ပြု​သော​အ​မှု​ကို​ရှော​လ​မုန်​မင်း​ကြား တော်​မူ​လျှင်​သူ့​အား​ဆင့်​ခေါ်​တော်​မူ​၍``ငါ သည်​သင့်​အား​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​ခွာ ရန် ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​လျက်​က​တိ ပြု​စေ​ခဲ့​၏။ အ​ကယ်​၍​ထွက်​ခွာ​ခဲ့​သော်​သင် သည်​ဧ​ကန်​မု​ချ​သေ​ဒဏ်​ခံ​ရ​မည်​ဟု​လည်း ကြို​တင်​သ​တိ​ပေး​ခဲ့​၏။ သင်​က​လည်း​ဤ အ​တိုင်း​သ​ဘော​တူ​သ​ဖြင့် ငါ​၏​စ​ကား ကို​နား​ထောင်​ပါ​မည်​ဟု​ဝန်​ခံ​ခဲ့​သည် မ​ဟုတ်​လော။- သို့​ပါ​လျက်​အ​ဘယ်​ကြောင့်​မိ​မိ​၏​က​တိ ကို​ဖျက်​၍ ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန်​ပါ သ​နည်း။- သင်​သည်​ခ​မည်း​တော်​အား​ပြစ်​မှား​ခဲ့​သည့် အ​မှု​အ​ပေါင်း​ကို​ကောင်း​စွာ​သိ​ပေ​သည်။ ထို အ​မှု​များ​အ​တွက်​သင့်​အား​ထာ​ဝ​ရ​ဘု​ရား သည်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။- ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ဗေ​နာ​ယ​သည် မင်း​ကြီး​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း အ​ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​ကွပ်​မျက်​လေ​၏။ ရှော​လ​မုန်​မင်း​သည် ယ​ခု​အ​ခါ​၌​မိ​မိ​၏​နိုင်​ငံ​တော်​ကို​ပိုင်​နိုင် စွာ​အုပ်​စိုး​တော်​မူ​ရ​၏။

၃ ဓမ္မရာဇဝင် 2:1-46 MSBU (မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​)

ဒါဝိဒ်​မင်းကြီး အနိစ္စရောက်​ချိန်​နီးလာ​လျှင် သူ​သည် သား​တော်​ရှောလမုန်​အား “​မြေကြီးသား​တိုင်း သွား​ရ​မည့်​လမ်း​ကို ငါ​သွား​ရ​တော့​မည်​။ သို့ဖြစ်၍ သင်​သည် ယောက်ျားပီပီ ရဲရင့်​ခြင်း​ရှိ​လော့​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား ညွှန်ကြား​သော​အရာ​တို့​ကို စောင့်ထိန်း​လော့​။ မောရှေ​၏​ပညတ်တရားကျမ်း​၌ ရေးထား​သည့် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပြီး တရားလမ်း​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​ပြု​လေရာရာ​၊ သွား​လေရာရာ​တို့​၌ အောင်မြင်​ခွင့်​ရ​မည်​။ ထို့ပြင် ‘​သင်​၏​သားမြေး​တို့​သည် သူ​တို့​သွား​ရာ​လမ်း​တွင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သစ္စာရှိ​လျက် ငါ့​မျက်မှောက်​၌​အသက်ရှင်​လျှောက်လှမ်း​ရန် စောင့်ထိန်း​ကြ​မည်​ဆို​လျှင် အစ္စရေး​လူမျိုး​၏​ရာဇပလ္လင်​ပေါ်တွင် သင်​၏​မျိုးဆက်​မ​ပြတ်​ရ​’​ဟု ငါ့​အား ကတိထား​ခဲ့​သည့်​စကား​တော်​အတိုင်း ထာဝရဘုရား​ပြု​တော်မူ​မည်​။ ယခု ဇေရုယာ​၏​သား​ယွာဘ​သည် ငါ့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း​၊ အစ္စရေး​စစ်သူကြီး​နှစ်​ဦး​ဖြစ်​သော နေရ​၏​သား​အာဗနာ​နှင့် ယေသာ​၏​သား​အာမသ​တို့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း သင်​သိ​၏​။ သူ​သည် တိုင်းပြည်​အေးချမ်း​ချိန်​တွင်ပင် ထို​သူ​တို့​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး သူ့​ခါး​မှ​ခါးဝတ်တန်ဆာ​၊ သူ့​ခြေ​မှ​ခြေနင်း​တို့​ကို စစ်သွေး​စွန်း​စေ​ခဲ့​၏​။ သို့ဖြစ်၍ သင် ဉာဏ်ပညာ​ရှိ​သည့်​အတိုင်း စီရင်​လော့​။ ဆံပင်ဖြူ​သော​သူ့​ကို မရဏာနိုင်ငံ​သို့ ငြိမ်ဝပ်​စွာ သွား​ခွင့်​မ​ပေး​ပါ​နှင့်​။ သို့သော် ဂိလဒ်​ပြည်သား ဗာဇိလဲ​၏​သား​တို့​ကို မေတ္တာကရုဏာ​ပြ​၍ သင်​နှင့် တစ်စားပွဲတည်း​၌​စား​ရ​သော​သူ​တို့​နှင့်အတူ စား​စေ​လော့​။ အကြောင်းမူကား သင့်​အစ်ကို အဗရှလုံ​ကြောင့် ငါ​ပြေး​ခဲ့​ရ​စဉ်က သူ​တို့​သည် ငါ့​ကို လာရောက်​မေတ္တာပြ​ခဲ့​ကြ​ပြီ​။ ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။ သို့သော် သူ့​ကို အပြစ်ကင်းသူ​ဟု မ​ယူဆ​ပါ​နှင့်​။ သင်​သည် ပညာရှိ​ဖြစ်​သည်​နှင့်အညီ သူ့​အား မည်သို့​ပြု​ရ​မည်​ကို သင်​သိ​ပါ​၏​။ ဆံပင်ဖြူ​သော​သူ့​ကို ကွပ်မျက်​ပြီး မရဏာနိုင်ငံ​သို့ ဆင်း​စေ​လော့​”​ဟု မိန့်မှာ​လေ​၏​။ ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။ ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင်​စံမြန်း​၍ သူ့​နိုင်ငံ​သည် တည်မြဲ​လေ​၏​။ တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​သည် ရှောလမုန်​မင်းကြီး​၏​မယ်တော် ဗာသရှေဘ​ထံ​ရောက်လာ​သဖြင့် ဗာသရှေဘ​က သူ့​အား “​ယခု သင်​လာ​သည်​မှာ ကောင်း​သော​လာ​ခြင်း​လော​”​ဟု​မေး​သော် သူ​က “​ဟုတ်​ပါ​၏​”​ဟု ပြန်​လျှောက်​ပြီးနောက် “​မယ်တော်​အား လျှောက်တင်စရာ​စကား ရှိ​ပါ​၏​”​ဟု​ဆို​လျှင် ဗာသရှေဘ​က “​လျှောက်တင်​ပါ​”​ဟု ဆို​၏​။ ထိုအခါ အဒေါနိယ​က “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် အကျွန်ုပ်​ကို ရှင်ဘုရင်​အဖြစ်​လက်ခံ​၍ ဤ​နိုင်ငံ​တော်​ကို အကျွန်ုပ်​ပိုင်​ကြောင်း မယ်တော်​သိ​ပါ​၏​။ သို့သော် နိုင်ငံ​တော်​သည် အကျွန်ုပ်​လက်​မှ​လွတ်​၍ ညီ​တော်​ထံ ရောက်သွား​လေ​ပြီ​။ အကယ်စင်စစ် ထာဝရဘုရား​သည် သူ့​ထံသို့ ရောက်​စေ​တော်မူ​ပြီ​။ ယခုမှာ အကျွန်ုပ်​သည် မယ်တော်​ထံ တောင်းဆို​လို​သည့်​အရာ​တစ်​ခု​ရှိ​ပါ​၏​။ မယ်တော် မ​ငြင်းပယ်​ပါ​နှင့်​”​ဟု ဆို​လျှင် ဗာသရှေဘ​က “​တောင်း​ပါ​”​ဟု ဆို​၏​။ ထိုအခါ သူ​က “​ရှောလမုန်​မင်းကြီး​သည် မယ်တော်​ကို ငြင်း​ဝံ့​မည်​မ​ဟုတ်​ပါ​။ ထို့ကြောင့် ရှုနင်​မြို့သူ​အဘိရှက်​ကို အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ရန် တောင်းလျှောက်​ပေး​ပါ​လော့​”​ဟု ဆို​လေ​၏​။ ဗာသရှေဘ​က​လည်း “​ကောင်း​ပြီ​။ သင့်​အဖို့ ရှင်ဘုရင်​ထံ လျှောက်တင်​ပေး​မည်​”​ဟု ဆို​၏​။ ထို့နောက် ဗာသရှေဘ​က အဒေါနိယ​၏​စကား​များ​ကို ရှောလမုန်​မင်းကြီး​ထံ လျှောက်တင်​ရန် ဝင်သွား​လျှင် ရှင်ဘုရင်​သည် မယ်တော်​ကို ရပ်​၍​ကြိုဆို​ဦးညွှတ်​ပြီးမှ ရာဇပလ္လင်​တွင် စံနေ​တော်မူ​၍ လက်ယာ​ဘက်​တွင် မယ်တော်​စံနေ​ဖို့ ပလ္လင်​တစ်​ခု​ကို ပြင်ဆင်​စေ​၏​။ ထို့နောက် မယ်တော်​က “​သား​တော်​ထံမှ သေးငယ်​သော​အရာ​တစ်​ခု​ကို တောင်းဆို​လို​ပါ​၏​။ သား​တော် ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က​လည်း “​မယ်တော် တောင်းဆို​ပါ​။ အကျွန်ုပ်​မ​ငြင်း​ပါ​”​ဟု မိန့်ဆို​၏​။ မယ်တော်​က “​ရှုနင်​မြို့သူ အဘိရှက်​ကို သင့်​အစ်ကို​အဒေါနိယ​နှင့် ထိမ်းမြား​ပေး​ပါ​”​ဟု လျှောက်တင်​လျှင် ရှောလမုန်​မင်းကြီး​က မယ်တော်​အား “​မယ်တော်​၊ အဘယ်ကြောင့် အဒေါနိယ​အဖို့ ရှုနင်​မြို့သူ​အဘိရှက်​ကို​သာ တောင်းပေး​ရ​သနည်း​။ သူ​သည် အကျွန်ုပ်​ထက်​အကြီး​၊ အကျွန်ုပ်​၏​နောင်တော်​ဖြစ်​သည်​ဖြစ်​၍ သူ့​အဖို့ နိုင်ငံ​တော်​ကို​ပါ တောင်းပေး​ပါ​လော့​။ သူ့​အဖို့​သာမက ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့​အတွက်​ပါ တောင်းပေး​ပါ​တော့​လား​”​ဟု မိန့်ဆို​လေ​၏​။ ထို့ပြင် ရှောလမုန်​မင်းကြီး​က ထာဝရဘုရား​ကို​တိုင်တည်​၍ “​အဒေါနိယ​သည် အသက်​ကို​ရင်း​၍ ဤသို့​တောင်းဆို​ခြင်း​မ​ဟုတ်​လျှင် ဘုရားသခင်​သည် အကျွန်ုပ်​၌ ထိုမျှမက ပြု​တော်မူ​ပါစေသော​။ အကျွန်ုပ်​ကို ခိုင်ခံ့​စေ​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​ပြီး ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​အား နန်းမွေ​ဆက်ခံ​စေ​တော်မူ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယနေ့​တွင် အဒေါနိယ​သေ​ရ​မည်​”​ဟု ကျိန်ဆို​လေ​၏​။ ထို့နောက် ရှောလမုန်​မင်းကြီး​သည် ယောယဒ​၏​သား ဗေနာယ​ကို​စေလွှတ်​၍ အဒေါနိယ​ကို ကွပ်မျက်​စေ​သဖြင့် သူ​သေ​လေ​၏​။ ထို့ပြင် ယဇ်ပုရောဟိတ်​အဗျာသာ​ကို​လည်း ရှင်ဘုရင်​က “​သင့်​မြေ​ရှိ​ရာ အာနသုတ်​မြို့​ကို ပြန်သွား​ပါ​။ သင်​သည်​လည်း သေသင့်သောသူ​ဖြစ်​၏​။ သို့သော် သင်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရှေ့​တော်​တွင် ဘုရားရှင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်း​ရ​သူ​၊ ခမည်းတော်​ခံရ​သော​ဒုက္ခဆင်းရဲ​အပေါင်း​ကို မျှဝေခံစား​ပေး​ခဲ့​သူ​ဖြစ်​သောကြောင့် ယနေ့​တွင် သင့်​ကို ငါ​မ​သတ်​”​ဟု မိန့်ဆို​ပြီးနောက်​တွင် ရှောလမုန်​မင်းကြီး​သည် အဗျာသာ​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​အဖြစ်​မှ ဖယ်​လိုက်​၏​။ ဤသို့ဖြင့် ဧလိ​အမျိုးအနွယ်​နှင့်​ပတ်သက်၍ ရှိလော​မြို့​တွင် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော် ပြည့်စုံ​လေ​၏​။ ထို​သတင်း​များ ယွာဘ​ထံသို့​ရောက်လာ​၏​။ ယွာဘ​သည် အဗရှလုံ​ပုန်ကန်​စဉ်က မ​ပါ​ခဲ့​သော်လည်း အဒေါနိယ​ပုန်ကန်​သောအခါ ပါဝင်​ခဲ့​သောကြောင့် ထာဝရဘုရား​၏​တဲ​တော်​သို့ ပြေးသွား​ပြီး ယဇ်ပလ္လင်​ချို​များ​ကို ဆုပ်ကိုင်​ထား​လေ​၏​။ ထိုသို့ “​ယွာဘ​သည် တဲ​တော်​သို့​ပြေး​၍ ယဇ်ပလ္လင်​နား​တွင် ရှိ​နေ​ပါ​၏​”​ဟူသော သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​လျှင် ရှောလမုန်​မင်းကြီး​က ယောယဒ​၏​သား ဗေနာယ​အား “​သူ့​ကို သွား​သတ်​လော့​”​ဟု အမိန့်ပေး​လေ​၏​။ ဗေနာယ​သည် ထာဝရဘုရား​၏​တဲ​တော်​အတွင်း​သို့ ဝင်သွား​ပြီး ယွာဘ​အား “​ရှင်ဘုရင် အမိန့်​တော်​ရှိ​၏​။ ထွက်လာ​ပါ​”​ဟု ဆို​လျှင် ယွာဘ​က “​မ​ထွက်​ပါ​။ ဤ​နေရာ​၌​သာ အသေခံ​မည်​”​ဟု ပြန်ဖြေ​သဖြင့် ဗေနာယ​က “​ယွာဘ ဤသို့​ပြော​ပါ​ပြီ​။ ဤသို့​ပြန်ဖြေ​ပါ​ပြီ​”​ဟု ရှင်ဘုရင်​ထံ အကြောင်းပြန်​၏​။ ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​သည် ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။ သူ​သည် သူ့​ထက်​ပို၍​ဖြောင့်မတ်​မှန်ကန်​သူ​နှစ်​ဦး​ဖြစ်​သော အစ္စရေး​စစ်သူကြီး နေရ​၏​သား​အာဗနာ​နှင့် ယုဒ​စစ်သူကြီး ယေသာ​၏​သား​အာမသ​တို့​ကို ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး မ​သိ​ဘဲ ဓား​နှင့်​သတ်​ခဲ့​၏​။ ဤသို့ လူ​အသက်သတ်​သော​အပြစ်​ကို ထာဝရဘုရား​သည် သူ့​ခေါင်း​ပေါ်သို့ ရောက်​စေ​တော်မူ​မည်​။ လူ​သတ်​ခဲ့​သော​အပြစ်​သည် ယွာဘ​၏​ခေါင်း​ပေါ်​၊ သူ့​သားစဉ်မြေးဆက်​တို့​၏​ခေါင်း​ပေါ်သို့ အစဉ်အမြဲ​ကျရောက်​ပါစေ​။ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သားစဉ်မြေးဆက်​များ​၊ သူ​၏​ထီးနန်း​နှင့်​ရာဇပလ္လင်​တို့​မူကား ထာဝရဘုရား​ထံ​တော်​မှ​ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ခံစား​ရ​ပါစေ​”​ဟု မိန့်ဆို​၏​။ ဤသို့ဖြင့် ယောယဒ​၏​သား​ဗေနာယ​သည် သွား​၍ ယွာဘ​ကို​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ယွာဘ​အား တောကန္တာရ​ရှိ သူ​၏​အိမ်​နားတွင် သင်္ဂြိုဟ်​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို ယွာဘ​၏​နေရာ​တွင် စစ်တပ်​ကို အုပ်ချုပ်​စေ​၏​။ ယဇ်ပုရောဟိတ်​ဇာဒုတ်​ကို​လည်း အဗျာသာ​နေရာ​၌ ခန့်ထား​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် ရှိမိ​ကို လူ​လွှတ်​၍​ခေါ်​စေ​ပြီး “​ဂျေရုဆလင်​မြို့​ထဲတွင် အိမ်​ဆောက်​၍​နေ​လော့​။ ထို​မြို့​မှလွဲ၍ မည်သည့်​အရပ်​သို့​မျှ မ​သွား​နှင့်​။ သင်​သည် မြို့ပြင်​ထွက်​၍ ကေဒြုန်​ချောင်း​ကို ဖြတ်​သည့်​နေ့​တွင်ပင် မုချ​သေ​ရ​မည်​ဟု မှတ်​လော့​။ သင့်​အပြစ်​သည် သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​ခြင်း​သာ​ဖြစ်​၏​”​ဟု မိန့်ဆို​၏​။ ထိုအခါ ရှိမိ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​အမိန့်​တော်​မှာ ကောင်း​ပါ​၏​။ အမိန့်​တော်​အတိုင်း ကျွန်တော်မျိုး​ပြု​ပါ​မည်​”​ဟု လျှောက်တင်​၏​။ ဤသို့ဖြင့် ရှိမိ​သည် ဂျေရုဆလင်​မြို့​တွင် ကာလ​ကြာမြင့်​စွာ နေထိုင်​လေ​၏​။ သုံး​နှစ်​ပြည့်​သောအခါ ရှိမိ​၏​အစေအပါး​နှစ်​ယောက်​သည် မာခါ​၏​သား ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ထွက်ပြေး​ခိုဝင်​ကြ​၏​။ “​သင့်​အစေအပါး​တို့​သည် ဂါသ​မြို့​၌ ရှိ​ပါ​၏​”​ဟု ရှိမိ​ကြားသိ​သောအခါ ရှိမိ​သည် ချက်ချင်း​ထ​၍ မြင်း​ကို​ကုန်းနှီးတင်​ပြီး သူ့​အစေအပါး​တို့​ကို​ရှာ​ရန် အာခိတ်​မင်းကြီး​ရှိ​ရာ ဂါသ​မြို့​သို့​သွား​လေ​၏​။ ရှိမိ​သည် သွား​၍ မိမိ​အစေအပါး​တို့​ကို ဂါသ​မြို့​မှ ပြန်ခေါ်​လာ​ခဲ့​၏​။ ထိုသို့ ရှိမိ​သည် ဂျေရုဆလင်​မြို့​မှ ဂါသ​မြို့​သို့​သွား​၍ ပြန်လာ​ခဲ့​ကြောင်း​ကို ရှောလမုန်​မင်းကြီး​ကြားသိ​လျှင် ရှိမိ​အား လူ​လွှတ်​၍​ခေါ်​စေ​ပြီး ရှင်ဘုရင်​က “ငါ​သည် သင့်​အား ‘​ဤ​မြို့​မှ သင်​ထွက်​သွား​သော​နေ့​တွင် သင် မုချ​သေ​ရ​မည်​’​ဟု ထာဝရဘုရား​ရှေ့​တော်​၌ တိုင်တည်ကျိန်ဆို​၍ သတိပေး​ခဲ့​သည်​မ​ဟုတ်​လော​။ သင်​က​လည်း ‘​အကျွန်ုပ်​ကြား​ရ​သော​အမိန့်​တော်​မှာ ကောင်း​ပါ​၏​’​ဟု သင်​ဆို​ခဲ့​ပြီ​။ သို့ဖြစ်လျက် ထာဝရဘုရား​ရှေ့​တော်​၌ ကျိန်ဆို​ခဲ့​သည့်​အတိုင်း​၊ ငါ့​အမိန့်​အတိုင်း အဘယ်ကြောင့် မ​နာခံ​သနည်း”​ဟု မိန့်ဆို​၏​။ ထို့ပြင် ရှင်ဘုရင်​က ရှိမိ​အား “ငါ့​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အပေါ် သင်​ပြု​မိ​ခဲ့​သော​အမှား​များ​ကို​လည်း သင်ကိုယ်တိုင်​သိ​၏​။ ထာဝရဘုရား​သည် သင်​၏​မကောင်းမှု​ကို သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​။ သို့သော် ငါ​ရှောလမုန်​မင်းကြီး​သည် ကောင်းချီးခံစား​ရ​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်အမြဲ​တည်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို အမိန့်ပေး​သဖြင့် ဗေနာယ​သည် သွား​၍ ရှိမိ​အား​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​လက်ထက်​တွင် နိုင်ငံ​တော်​တည်မြဲ​လေ​၏​။