YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 3:1-18

ရု​သ​ 3:1-18 JBMLE

တစ်​ဖန် ယော​က္ခ​မ​နော​မိ​က၊ ငါ့​သ​မီး၊ သင့်​ကို​ချမ်း​သာ​စေ​ခြင်း​ငှာ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို သင့်​အ​ဖို့ ငါ​မ​ရှာ​ရ​သ​လော။ သင်​ပေါင်း​ဖော်​သော ကျွန်​မ​တို့၏​သ​ခင် ဗော​ဇ​သည် ငါ​တို့​ပေါက်​ဖော်​ဖြစ်​သည် မ​ဟုတ်​လော။ ယ​နေ့​ည​မှာ ကောက်​နယ်​တ​လင်း၌ မု​ယော​စ​ပါး​ကို လှေ့​လျက်​နေ၏။ သင်​သည် ရေ​ချိုး​ခြင်း၊ ဆီ​လိမ်း​ခြင်း၊ အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း​ကို ပြု​ပြီး​လျှင် ကောက်​နယ်​တ​လင်း​သို့ သွား​တော့။ သူ​သည် စား​သောက်​ခြင်း​အ​မှု​ကို​မ​ပြီး​မီ ကိုယ်​ကို​မ​ပြ​နှင့်။ သူ​အိပ်​သော​အ​ခါ၊ အိပ်​ရာ​အ​ရပ်​ကို​မှတ်​ပြီး​မှ ဝင်၍ သူ့​ခြေ၌​ဖုံး​သော အ​ဝတ်​ကို​ဖွင့်​ပြီး​လျှင် အိပ်​တော့။ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သူ​ပြော​လိမ့်​မည်​ဟု​ဆို​သော်၊ ရု​သ​က၊ မိ​ခင်​မှာ​ထား​သ​မျှ​တို့​ကို ပြု​ပါ​မည်​ဟု ဝန်​ခံ​လျက်၊ ကောက်​နယ်​တ​လင်း​သို့ သွား၍ ယော​က္ခ​မ​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​လေ၏။ ဗော​ဇ​သည်​စား​သောက်၍ ရွှင်​လန်း​လျက်၊ စ​ပါး​ပုံ​အ​နား​သို့​သွား၍ အိပ်​သော​အ​ခါ၊ ရု​သ​သည် တိတ်​ဆိတ်​စွာ​ချဉ်း​ကပ်၍ သူ့​ခြေ၌​ဖုံး​သော​အ​ဝတ်​ကို ဖွင့်​ပြီး​လျှင် အိပ်​လေ၏။ သန်း​ခေါင်​အ​ချိန်၌ ယောက်ျား​သည်​လန့်၍ လှည့်​သ​ဖြင့်၊ မိန်း​မ​သည် ခြေ​ရင်း၌​ရှိ​သည်​ကို သိ​လျက်၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ​သည် ကိုယ်​တော်၏ ကျွန်​မ​ရု​သ​ဖြစ်​ပါ၏။ ကိုယ်​တော်​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း​ဖြစ်​သော​ကြောင့်၊ ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဝတ်​တော်​စွန်း​နှင့် ဖုံး​ပါ​တော့​ဟု ဆို​သော်၊ သူ​က၊ ငါ့​သ​မီး၊ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် ငွေ​ရ​တတ်​သော​လူ​ပျို၊ ဆင်း​ရဲ​သော​လူ​ပျို တစ်​စုံ​တစ်​ယောက်​ကို မ​မှီ​ဝဲ​ဘဲ​နေ၍၊ အ​ရင်​ပြု​သော​ကျေး​ဇူး​ထက် နောက်​ပြု​သော​ကျေး​ဇူး​သာ၍​ကြီး၏။ မ​စိုး​ရိမ်​နှင့် ငါ့​သ​မီး။ တောင်း​သ​မျှ​ကို ငါ​ပြု​မည်။ သင်​သည် သီ​လ​နှင့်​ပြည့်​စုံ​သော​မိန်း​မ ဖြစ်​ကြောင်း​ကို ငါ့​လူ​မျိုး​နေ​သော တစ်​မြို့​လုံး​သိ၏။ ငါ​သည်​ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း မှန်​ပေ၏။ သို့​သော်​လည်း ငါ့​ထက်​သာ၍ ရွေး​ပိုင်​သော အ​မျိုး​သား​ချင်း​တစ်​ယောက် ရှိ​သေး၏။ ယ​နေ့​ည​မှာ နေ​ဦး​တော့၊ ထို​သူ​သည် ရွေး​ပိုင်​သော​အ​မျိုး​သား​ချင်း ဝတ်​ကို​ပြု​လို​လျှင် ပြု​ပါ​လေ​စေ။ ကောင်း၏။ မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​မည်။ နံ​နက်​တိုင်​အောင် အိပ်​ဦး​တော့ ဟု​ဆို၏။ ရု​သ​သည် နံ​နက်​တိုင်​အောင် သူ့​ခြေ​ရင်း​နား​မှာ​အိပ်​ပြီး​မှ၊ တစ်​ယောက်​ကို​တစ်​ယောက် သိ​နိုင်​သော​အ​ချိန်​မ​ရောက်​မီ ထ​လေ၏။ ယောက်ျား​က​လည်း၊ မိန်း​မ​သည် ဤ​ကောက်​နယ်​တ​လင်း​သို့ လာ​သည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​နှင့်​ဟု ဆို၏။ တစ်​ဖန် သင်၌​ပါ​သော တင်း​တိမ်​ကို​ယူ​ခဲ့၍ ဖြန့်​ခင်း​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရု​သ​ဖြန့်​လျက် မု​ယော​စ​ပါး​ခြောက်​ဩ​မဲ​ကို ခြင်၍ သူ့​အ​ပေါ်​မှာ​တင်​သ​ဖြင့်၊ သူ​သည် မြို့​ထဲ​သို့​သွား​လေ၏။ ယော​က္ခ​မ​ထံ​သို့ ရောက်​သော​အ​ခါ၊ ယော​က္ခ​မ​က အ​ဘယ်​သို့​နည်း​ဟု မေး​လျှင်၊ မိ​မိ၌​ထို​သူ​ပြု​သ​မျှ​ကို​လည်း​ကောင်း၊ သူ​က၊ သင်​သည် ယော​က္ခ​မ​ထံ​သို့ လက်​ချည်း​မ​သွား​နှင့်​ဟု ဆို​လျက် မု​ယော​စ​ပါး ခြောက်​ဩ​မဲ​ပေး​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လေ၏။ ယော​က္ခ​မ​က​လည်း၊ ငါ့​သ​မီး၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​ပြီး​လိမ့်​မည်​ကို မ​သိ​မီ​တိုင်​အောင် ထိုင်​နေ​တော့။ ယောက်ျား​သည် ယ​နေ့ ဤ​အ​မှု​ကို​မ​ပြီး​စီး​မီ ငြိမ်​ဝပ်​စွာ​မ​နေ​ဟု ပြော​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။