YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 2:1-23

ရု​သ​ 2:1-23 JBMLE

နော​မိ၏​လင် ဧ​လိ​မ​လက်၏ အ​ဆွေ​အ​မျိုး​တွင် အ​လွန်​ရ​တတ်​သော ပေါက်​ဖော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မည်​ကား ဗော​ဇ​တည်း။ မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။ ရု​သ​သည်​သွား၍ စ​ပါး​ရိတ်​သော​သူ​တို့​နောက်​မှာ၊ စ​ပါး​ကျန်​ကို ကောက်​သည်​တွင်၊ ဧ​လိ​မ​လက်၏​အ​ဆွေ​အ​မျိုး ဗော​ဇ​ပိုင်​သော​လယ်၌ အ​မှတ်​တ​မဲ့ နေ​ရာ​ကျ၏။ ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။ ဗော​ဇ​က​လည်း၊ ထို​မိန်း​မ​ငယ်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း​ဟု လယ်​ခေါင်း​အား​မေး​သော်၊ လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။ သူ​က​လည်း၊ ကျွန်​မ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နောက်၌ ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျက်​ဝင်​သ​ဖြင့်၊ နံ​နက်​မှ​စ၍ ယ​ခု​ခ​ဏ တဲ၌​နေ​သော​အ​ချိန်​တိုင်​အောင် လုပ်​နေ​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊ ဗော​ဇ​သည် ရု​သ​ကို​ခေါ်၍၊ နား​ထောင်​ပါ၊ ငါ့​သ​မီး။ အ​ခြား​သော​လယ်​သို့​သွား၍ စ​ပါး​ကျန်​ကို မ​ကောက်​နှင့်။ ဤ​အ​ရပ်​က​မ​ထွက်​ဘဲ၊ ငါ့​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့။ သူ​တို့​ရိတ်​သော လယ်​ကွက်​ကို​ကြည့်​မှတ်၍ သူ​တို့​နောက်၌ လိုက်​လော့။ လု​လင်​တို့​သည် သင့်​ကို မ​နှောင့်​ယှက်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ။ ရေ​ငတ်​သော​အ​ခါ၊ အိုး​ထား​ရာ​သို့​သွား၍ လု​လင်​ခပ်​သော​ရေ​ကို သောက်​တော့​ဟု ဆို​လေ​သော်၊ ရု​သ​သည် မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်၍ ကိုယ်​တော်​သည် ကျွန်​မ​ကို သိ​မှတ်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ စိတ်​တော်​နှင့်​တွေ့​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ၏။ ဗော​ဇ​က​လည်း၊ သင်၏​လင် သေ​သော​နောက်၊ သင်​သည် ယော​က္ခ​မ​အား​ပြု​စု​သ​မျှ​ကို​လည်း​ကောင်း၊ သင်​သည် မိ​ဘ​နှင့် မွေး​ဖွား​ရာ​ဌာ​န​ပြည်​ကို​စွန့်၍ အ​ထက်​က မ​သိ​ဖူး​သော​ပြည်​သို့ လာ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အား သေ​ချာ​စွာ​ပြော​ကြ​ပြီ။ သင့်​အ​မှု၏​အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် အ​တောင်​တော်​အောက်၌ ခို​လှုံ​ခြင်း​ငှာ ချဉ်း​ကပ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော​ဆု​ကို ချ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊ ရု​သ​က​လည်း သ​ခင် ကျွန်​မ​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​စေ။ ကျွန်​မ​သည် ကိုယ်​တော်​ကျွန်​မ​တို့​နှင့် မ​တူ​သော်​လည်း၊ ကိုယ်​တော်​သည် လော​က​ဝတ်​စ​ကား​ကို​ပြော၍ ကျွန်​မ​ကို​နှစ်​သိမ့်​စေ​ပါ​ပြီ​ဟု လျှောက်​လေ၏။ ဗော​ဇ​က​လည်း၊ စား​သောက်​သော​အ​ချိန် ရှိ​ပြီ။ လာ၍ မုန့်​ကို​စား​လော့။ ပုံး​ရည်၌ စား​စ​ရာ​ကို နှစ်​လော့​ဟု ခေါ်​ဆို​သည်​အ​တိုင်း၊ ရု​သ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နှင့်​အ​တူ ထိုင်​လျှင်၊ ဗော​ဇ​သည် ပေါက်​ပေါက်​ကို​လှမ်း၍ ပေး​သ​ဖြင့်၊ သူ​သည် ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သေး၏။ စ​ပါး​ကျန်​ကို​ကောက်​ခြင်း​ငှာ ထ​သွား​သော​အ​ခါ၊ ဗော​ဇ​သည် လု​လင်​တို့​အား၊ ထို​မိန်း​မ​သည် ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​စေ၊ အ​ရှက်​မ​ခွဲ​ကြ​နှင့်။ ရိတ်​ပြီး​သော​စ​ပါး​အ​ချို့​ကို​လည်း သူ​အ​ဖို့​ချ​ထား​လော့။ ကောက်​ယူ​ပါ​စေ။ အ​ပြစ်​မ​တင်​ကြ​နှင့်​ဟု မှာ​ထား၏။ ရု​သ​သည် ထို​လယ်၌ ညဉ့်​ဦး​တိုင်​အောင် စ​ပါး​ကျန်​ကို​ကောက်၍ ရ​သော​စ​ပါး​ကို​နယ်​ပြီး​လျှင် မု​ယော​ဆန်​တစ်​ဧ​ဖာ​ခန့်​မျှ ရှိ၏။ ထို​ဆန်​ကို​ယူ၍ မြို့​ထဲ​သို့​ဝင်​သ​ဖြင့်၊ ကောက်၍​ရ​သော​ဆန်​ကို​လည်း ယော​က္ခ​မ​အား​ပြ၏။ ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သော​အ​ရာ​ကို​လည်း ထုတ်၍​ပေး​သေး၏။ ယော​က္ခ​မ​က​လည်း၊ ယ​နေ့ အ​ဘယ်​မှာ​စ​ပါး​ကျန်​ကို​ကောက်​သ​နည်း။ အ​ဘယ်​မှာ​လုပ်​သ​နည်း။ သင်​သိ​မှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု​မြွက်​ဆို​လျှင်၊ ရု​သ​က ယ​နေ့ ကျွန်​မ​လုပ်​သော​သူ၏​အ​မည်​ကား၊ ဗော​ဇ​ဖြစ်​ပါ​သည်​ဟု ယော​က္ခ​မ​အား ကြား​ပြော​သော်။ ယော​က္ခ​မ​က၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့၌ ကျေး​ဇူး​မ​ပြတ် ပြု​တော်​မူ​သေး​သော ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော ဟူ၍​လည်း​ကောင်း၊ ထို​သူ​သည် ငါ​တို့​နှင့်​ပေါက်​ဖော်​တော်​သော​သူ၊ နီး​စပ်​သော အ​မျိုး​သား​ချင်း​အ​ဝင် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ချွေး​မ​အား ပြော​ဆို၏။ ထို​သူ​က၊ ငါ့​စ​ပါး​ရိတ်​ခြင်း​အ​မှု မ​ပြီး​မီ​တိုင်​အောင်၊ ငါ့​လူ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့​ဟု ဆို​ကြောင်း​ကို​လည်း မော​ဘ​အ​မျိုး​သ​မီး ရု​သ​သည် ကြား​ပြော​သော်၊ နော​မိ​က၊ ငါ့​သ​မီး၊ သင်​သည် သူ၏​ကျွန်​မ​တို့​နှင့် ပေါင်း​ဖော်​ကောင်း၏။ အ​ခြား​သော​လယ်၌ သူ​တို့​သည် သင့်​ကို​မ​တွေ့​စေ​ကောင်း​ဟု၊ ချွေး​မ​ရု​သ​အား​ပြော​သည်​အ​တိုင်း၊ သူ​သည် မု​ယော​စ​ပါး၊ ဂျုံ​စ​ပါး​ရိတ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ဗော​ဇ၏​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်၊ စ​ပါး​ကျန်​ကို​ကောက်၍ ယော​က္ခ​မ​ထံ​မှာ နေ​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။