မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက၊- ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။- ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ပြောဆို၏။- ထိုမှတစ်ပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊- ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။- ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညမပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏။- ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။- တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။ တစ်ဖန် ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။- ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။- မိုးတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။- ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သောတံစဉ်ပါ၏။- မီးကိုအစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကို လွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။- ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။- မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာခရီး တစ်လျှောက်လုံး၌ မြင်းဇက်ကြိုးကို မီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။
ဗျာဒိတ် 14 ကို ဖတ်ရှုရန်
နားထောင်ရန် ဗျာဒိတ် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 14:6-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ