လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကိုချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။ မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ၏။ စားစရာမျိုးကိုရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။ လူသားတို့၌ ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။ သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍၊ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်၊ နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့်၊ အံ့ဖွယ်သော အမှုတော်တို့ကို မြင်ရကြ၏။ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။ မိုးကောင်းကင်တိုင်အောင် တက်လျက်၊ နက်နဲရာထဲသို့ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။ တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဉာဏ်တိမ်မြုပ်ခြင်း ရှိကြ၏။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။ လေပြင်းကိုပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏။ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ လူပရိသတ်၏အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။ မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှာလည်းကောင်း၊ စမ်းရေထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ မြေကောင်းသောပြည်ကို ပြည်သူပြည်သားတို့၏အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။ တစ်ဖန် လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှာလည်းကောင်း၊ သွေ့ခြောက်သောအရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။ ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာချတော်မူ၍၊ သူတို့သည် မိမိနေစရာဖို့ မြို့ကိုတည်ကြ၏။ လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုးလျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။ ကောင်းချီးပေးတော်မူ၍၊ သူတို့သည် အလွန်ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော်မမူ။ တစ်ဖန် သူတို့သည်လျော့၍ ညှဉ်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။ မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။ ဆင်းရဲသောသူကိုလည်း ဒုက္ခမှထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။ ဖြောင့်မတ်သောသူတို့သည်မြင်၍၊ ဝမ်းမြောက်ကြ၏။ ခပ်သိမ်းသောဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။ အကြင်သူသည် ပညာရှိ၏၊ ထိုသူသည် ဤအမှုအရာတို့ကိုဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာကျေးဇူးတော်ကို နားလည်လိမ့်မည်။
ဆာလံ 107 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 107
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 107:15-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ