သူတို့အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။ သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ်ကို လုပ်၍၊ အရည်သွန်းသောရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ကြ၏။ သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဌာန်ကို ယူကြ၏။ အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကိုလည်းကောင်း၊ ဟာမအမျိုးနေရာပြည်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဖွယ်သော အမှုတို့ကိုလည်းကောင်းပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ ထိုအခါ ရွေးကောက်တော်မူသောမောရှေသည် အမျက်တော်ကိုလွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။ ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားမထောင်ဘဲ နေကြ၏။ ထိုကြောင့် သူတို့ကို တော၌လှဲခြင်းငှာလည်းကောင်း၊ သူတို့အမျိုးအနွယ်ကို တစ်ပါးအမျိုးသားတို့တွင်လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှာလည်းကောင်း၊ သူတို့တစ်ဖက်၌ ကျိန်ဆိုတော်မူ၏။ ထိုသူတို့သည် ဗာလပေဂုရဘုရား၌မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။ ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။ ထိုအခါ ဖိနဟတ်သည်ထ၍ တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။ ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။ တစ်ဖန် မေရိဘရေအနားမှာ အမျက်တော်ကိုနှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာဖြစ်လေ၏။ သူ၏စိတ်ကိုချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မပြု၊ တစ်ပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။ သူတို့နှင့်ရောနှော၍ သူတို့၏ဘာသာဓလေ့ကို သင်ကြ၏။ သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။ ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။ ထိုသို့ အပြစ်မရှိသောသူတို့၏အသွေး၊ ခါနာန်ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူးလေ၏။ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။ ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကိုအမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။ သူတို့ကို တစ်ပါးအမျိုးသားတို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။ ရန်သူတို့သည်ညှဉ်းဆဲ၍၊ သူတို့သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကို ခံရကြ၏။ သူတို့ကို ကြိမ်ဖန်များစွာ ကယ်နုတ်တော်မူသော်လည်း၊ ပုန်ကန်သောအကြံကိုသာကြံ၍၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ၏။ တစ်ဖန် သူတို့အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊ ဝန်ခံခြင်းကတိတော်ကို သူတို့အဖို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော်မူ၏။ သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်းတို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ သန့်ရှင်းသောနာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း၊ အကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တစ်ပါးအမျိုးသားတို့အထဲက နုတ်ယူ၍ စုသိမ်းတော်မူပါ။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ။ ဟာလေလုယ။
ဆာလံ 106 ကို ဖတ်ရှုရန်
နားထောင်ရန် ဆာလံ 106
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 106:18-48
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ