အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကို ချိုင့်၌ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတ သူငယ်တို့သည်လည်း စားကြလိမ့်မည်။ ငါ့ဉာဏ်မမီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သောအရာလေးပါးဟူမူကား၊ လေ၌ ရွှေလင်းတသွားရာ လမ်းတစ်ပါး၊ ကျောက်ပေါ်မှာ မြွေသွားရာ လမ်းတစ်ပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာ လမ်းတစ်ပါး၊ အပျိုမနှင့် ယောက်ျားသွားရာလမ်းတစ်ပါးတည်း။ မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သုတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။ မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊ မင်းပြုသော ကျွန်တစ်ပါး၊ ဝစွာစားရသော လူမိုက်တစ်ပါး၊ လက်ထပ်သော မိန်းမဆိုးတစ်ပါး၊ သခင်မဥစ္စာကို အမွေခံရသော ကျွန်မတစ်ပါးတည်း။ မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူးသဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊ ခွန်အားမရှိသော အမျိုးဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပုရွက်ဆိတ်တစ်ပါး၊ မသန်စွမ်းသောအမျိုးဖြစ်သော်လည်း၊ ကျောက်တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တစ်ပါး၊ မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းတစ်ပါး၊ လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင်နေတတ်သော အိမ်မြှောင်တစ်ပါးတည်း။ ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊ တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တစ်ပါး၊ စစ်မြင်းတစ်ပါး၊ ဆိတ်ထီးတစ်ပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင်တစ်ပါးတည်း။ သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။ အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
သုတ္တံ 30 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 30:17-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ