နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ ရန်တွေ့တတ်သောမယားသည် မိုးသည်းစွာရွာသောနေ့၌ အစက်စက်ကျသော မိုးပေါက်နှင့် တူ၏။ ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့် တူ၏။ လက်ယာလက်၌လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။ သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။ သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။ ရေ၌ လူမျက်နှာချင်းတူသကဲ့သို့၊ လူတစ်ယောက်နှင့် တစ်ယောက် စိတ်သဘောတူကြ၏။ မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့်စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။ ငွေစစ်စရာဖို့ မိုက်ရှိ၏။ ရွှေစစ်စရာဖို့ မီးဖိုရှိ၏။ လူကိုစစ်စရာဖို့ သူတစ်ပါးချီးမွမ်းခြင်းရှိ၏။ မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်းသော်လည်း၊ မိုက်သောသဘော မထွက်တတ်။ သင်၏ သိုးစုအကြောင်းတို့ကိုသိခြင်းငှာ ကြိုးစားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည်တတ်။ မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှားတတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။ သိုးသငယ်တို့သည် သင်ဝတ်စရာဖို့၊ ဆိတ်တို့လည်း မြေအဖိုးကိုဖြေစရာဖို့ ဖြစ်၏။ သင်စားစရာဖို့၊ အိမ်သူအိမ်သားစားစရာဖို့၊ ကျွန်မိန်းမများကို ကျွေးစရာဖို့ ဆိတ်နို့လောက်လိမ့်မည်။
သုတ္တံ 27 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 27:14-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ