သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။ မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။ အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏မီးခွက်သည် သေလိမ့်မည်။ ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖော်နှင့်။ သူတို့ဘေးသည် ချက်ချင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏အဆုံးကို အဘယ်သူသိသနည်း။ ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။ သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။ ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းချီးမင်္ဂလာကို ခံလျက်ရှိကြလိမ့်မည်။ မှန်သောစကားကို ပြန်ပြောတတ်သောသူ၏နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။ ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။ သင်၏အိမ်နီးချင်းတစ်ဖက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတစ်ပါးကို မလှည့်စားနှင့်။ သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေးမည်ဟု မဆိုနှင့်။ ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဉာဏ်မရှိသောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါလျှောက်သွားစဉ်၊ ဆူးပင်များပြား၍၊ မြေတစ်ပြင်လုံး၌ ဆူးလေပင်အနှံ့အပြားလွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင်ခြင်းကို ခံရ၏။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
သုတ္တံ 24 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 24:17-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ