မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။ သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ဓားနှင့်ရွယ်လော့။ ထိုမင်း၏ ခဲဖွယ်စားဖွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာ ဖြစ်၏။ ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။ မနာလိုသောသူ၏ အစာကို မစားနှင့်။ သူ၏ခဲဖွယ်စားဖွယ်ကို အလိုမရှိနှင့်။ သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စားသောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ သင်သည် စားသောအစာကို တစ်ဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်း ယိုယွင်းလိမ့်မည်။ မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။ အရင်စိုက်သော မြေမှတ်တိုင်ကို မရွှေ့နှင့်။ မိဘမရှိသောသူတို့၏ လယ်ကိုမသိမ်းနှင့်။ အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသောသူသည် တန်ခိုးကြီး၍၊ သင့်တစ်ဖက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။ ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ်စကားကို နာခံလော့။ သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နုတ်ရမည်။ ငါ့သား၊ သင့်နှလုံး၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။ သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ် မရှိစေနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘော ရှိစေလော့။ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရာ။
သုတ္တံ 23 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 23:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ