ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက် သာ၍ကောင်း၏။ ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ သမ္မာသတိရှိသောသူသည် အမှုကိုမျှော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။ သဘောကောက်သောလူသွားရာလမ်း၌၊ ဆူးပင်များနှင့် ကျော့ကွင်းများ ရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာရှောင်သွားလိမ့်မည်။ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။ ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။ ဒုစရိုက်မျိုးစေ့ကိုကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုးလည်း ပျောက်လိမ့်မည်။ ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြုလျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။ စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။ ထာဝရဘုရား၏မျက်စိတော်သည် ပညာအတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။ ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းသို့ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။ အမျိုးပျက်သောမိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသောသူသည် ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။ မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။
သုတ္တံ 22 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံ 22:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ