အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။ သင့်ကို တစ်ပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်းငှာ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချခြင်းရှိလိမ့်မည်။ ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူနှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကိုချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကိုလုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ညအခါ သူခိုးဓားပြတို့သည် သင်ရှိရာသို့ လာလျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။ သင်သည် အလွန်ပျက်စီးပြီတကား။ ဧသောသည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသောဥစ္စာကို အလွန်ရှာဖွေကြသည် တကား။ သင်နှင့် မိတ်သဟာယဖွဲ့သော သူအပေါင်းတို့သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကိုလှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက်သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင်ထားကြပြီ။ သင်၏ဉာဏ်ပညာကုန်ပြီ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကိုလည်းကောင်း၊ ဧသော၏တောင်မှ ဉာဏ်ကောင်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှားမည်။ အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။ သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ၍၊ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ သင်သည် တစ်ဖက်၌နေသောနေ့၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသောနေ့၊ တစ်ပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။ သင်၏ညီသည် တစ်ပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။ ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာ တံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။ လွတ်သောသူတို့ကို ဆီးတားခြင်းငှာ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
ဩဗဒိ 1 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဩဗဒိ 1:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ