တစ်ဖန်မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လင်ရှိသောမိန်းမသည် အခြားတစ်ပါးသောယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်လည်းကောင်း၊ မှားယွင်းစဉ်တွင် သူတစ်ပါးမတွေ့မိ၊ သက်သေမရှိ၊ သီလပျက်သော်လည်း ထိုအမှုကိုဝှက်ထား၍ လင်မသိလျှင်လည်းကောင်း၊ သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည်မယားကို မယုံလျှင်လည်းကောင်း ထိုမိန်းမပြုရသောပူဇော်သကာဖို့ မုယောမုန့်တစ်ဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်းပူဇော်သကာ၊ အပြစ်ကိုဖော်တင်ရာ ပူဇော်သကာဖြစ်၏။ ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သကာကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။ ယဇ်ပုရောဟိတ်သည် သန့်ရှင်းသောရေကို မြေအိုး၌လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကိုယူ၍ ရေထဲမှာထည့်ရမည်။ ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း ပူဇော်သကာတည်းဟူသော သတိပေးရာပူဇော်သကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသောရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရမည်။ ထိုအခါယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကိုအကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်းခြင်း၊ ညစ်ညူးခြင်းမရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။ ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊ ထာဝရဘုရားသည်၊ သင်၏ပေါင်ကိုပိန်စေ၍ ဝမ်းကိုလည်းရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကိုခံရသောသူ ဖြစ်စေခြင်းငှာ စီရင်တော်မူစေသတည်း။ ကျိန်ခြင်းဘေးဖြစ်စေသော ဤရေသည်သင်၏ဝမ်းထဲသို့ဝင်၍ ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေသတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက်လျှင် မိန်းမက၊ အာမင်၊ အာမင်ဟုဝန်ခံရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကိုရေးမှတ်၍ တစ်ဖန် ရေခါးနှင့်ချေပြီးမှ၊ ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။ ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်းပူဇော်သကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊ မုန့်ညက်တစ်လက်ဆွန်းတည်းဟူသော ပူဇော်သကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။ ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်းဘေးဖြစ်စေသောရေကို သောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။ သို့မဟုတ် ထိုမိန်းမသည်မညစ်ညူး၊ စင်ကြယ်ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသောအခွင့် ရှိလိမ့်မည်။ ဤရွေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိသော်လည်းကောင်း၊ ယောက်ျားသည် မယားကိုမယုံသောသဘော စွဲလမ်းသော်လည်းကောင်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည်မယားကိုမယုံ၊ ထာဝရဘုရားရှေ့တော်၌ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊ ယောက်ျားသည် အပြစ်နှင့်ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကိုခံရမည်ဟု မိန့်တော်မူ၏။
တောလည်ရာ 5 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တောလည်ရာ 5:11-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ