ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊ အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ ဆီလောင်းခြင်းဘိသိက်ကိုပေး၍ အရာ၌ခန့်ထားသော အာရုန်၏သားဖြစ်ကြသတည်း။ နာဒပ်နှင့် အဘိဟုသည်၊ သိနာတောတွင် ထာဝရဘုရားရှေ့တော်၌ ထူးခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိသည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန်ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ သင်သည် လေဝိအမျိုးသားတို့ကိုခေါ်ခဲ့၍ ယဇ်ပုရောဟိတ်အာရုန်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်ထံ၌နေရာချလော့။ သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ဆောင်ရသော အမှုတည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။ သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အားအပိုင်ပေးရမည်။ အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၍ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။ တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရကြမည်။ အကြောင်းမူကား အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါ့အဖို့ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါင်းတို့ကို အထူးသဖြင့်ငါပိုင်ရ၏။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ တစ်ဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊ လေဝိသားတို့တွင် အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ဟု၊ မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။ လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။ မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏နာမည်ကား လိဗနိနှင့်ရှိမိတည်း။ မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့်မုရှိတည်း၊၊ ဤသူတို့သည် မိမိဘိုးဘအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။ ဂေရရှုန်မှဆင်းသက်သော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာ ရှိသတည်း။ ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မျက်နှာ၌ နေရာချရမည်။ ဂေရရှုန်အဆွေအမျိုး သူကြီးကား၊ လေလသားဧလျာသပ်တည်း။ ဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်၊ အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ကာသောကုလားကာ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။ တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်ထောင်ခြောက်ရာရှိသတည်း။ ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။ ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။ သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာသည် လေဝိအဆွေအမျိုးသူကြီးတို့ကို အုပ်၍ တဲတော်စောင့်သောသူတို့ကို ကြည့်ရှုစီရင်ရမည်။ မေရာရိမှဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ်ဖြစ်ကြ၏။ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်နှစ်ရာ ရှိသတည်း။ မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။ မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကိုလည်းကောင်း၊ ဝင်းတိုင်များ၊ ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရကြမည်။ မောရှေနှင့် အာရုန်မှစ၍ အာရုန်၏သားတို့သည် ဣသရေလအမျိုးသားတို့အဖို့၊ သန့်ရှင်းရာဌာနတော်ကိုစောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော်အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတစ်ပါး၊ အခြားသောသူသည်ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း။
တောလည်ရာ 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တောလည်ရာ 3:1-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ