မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ ပျပ်ဝပ်လျက်နေကြ၏။ ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊ ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။ ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေ ပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ သူတို့ကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သား၏အရာကိုနုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တစ်ဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊ ဤပြည်၌နေသောသူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ မိုးတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကိုလည်းကောင်း ကြားရကြပြီ။ ယခုမှာ၊ ဤလူမျိုးကို လူတစ်ယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သတင်းတော်ကိုကြားဖူးသော လူအမျိုးမျိုးတို့က၊ ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။ ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော။ အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊ ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ်၏။ ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ ငါ့ဘုန်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကိုလည်းကောင်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။
တောလည်ရာ 14 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တောလည်ရာ 14:5-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ