ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။ အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟု ဆိုကြ၏။ အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။ အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိစေခြင်းငှာ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။ ယခုမှာ ငါတို့ကိုယ်ခန္ဓာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓာကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ ဖြစ်ကြ၏။ ငါတို့သားသမီးကို ရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှာ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတစ်ပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ ထိုသို့ အပြစ်တင်မြည်တမ်းသော စကားကို ငါသည်ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊ မှူးမတ်နှင့် မင်းအရာရှိတို့ကို ခေါ်၍၊ သင်တို့သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တစ်ဖက်၌ လူအများတို့ကို စုဝေးစေလျက်၊ တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။ ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော။ ငါနှင့် ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစားသောအမှုကို ပယ်ဖြတ်ကြပါလော့။ ယနေ့ပင် သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အိမ်ရာကိုလည်းကောင်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကိုလည်းကောင်း ပြန်ပေးကြပါလော့ဟု ဆိုသော်၊ သူတို့က ပြန်ပေးပါမည်။ ဘာမျှ မတောင်းမယူပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ကတိထားသည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကိုခေါ်၍ ကျိန်ဆိုစေပြီးမှ၊ ကိုယ်ခါးပိုက်ကို ခါလျက်၊ ကတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော်ထဲက ဤသို့ ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါပစ်လိုက်ခြင်းကို ခံရကြပါစေသောဟုဆို၍ စည်းဝေးသောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ကတိထားသည်အတိုင်း ပြုကြ၏။
နေဟမိ 5 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: နေဟမိ 5:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ