တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူတို့သည် ချဥ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။- အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊- ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ ချည်းကပ်၍၊- အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။- ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည် မဖတ်ဖူးသလော။- ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။ ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊- ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ် ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။- သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။- ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။- ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။- ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။- ထိုသို့ ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။ ထိုအခါယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။- ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။ ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊- ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။
ရှင်မာကု 12 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်မာကု 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 12:13-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ