လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။- သူတို့သည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူ၍ မိမိကိုယ်၌ရောက်လတ္တံ့သော အမှုအရာတို့ကို တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ်၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ၏။- ကိုယ်တော်က၊ ငါသည်သင်တို့ကို အဘယ်သို့ ပြုစေချင်သနည်းဟု မေးတော်မူသော်၊- ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊- အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ယေရှုက၊ ငါသောက်သောခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။- သို့သော်လည်း ငါ့လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ပြင်ဆင်၏၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။- ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။- သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။- သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။- အကြောင်းမူကား၊ လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်မာကု 10 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်မာကု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 10:33-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ