ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။- ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။- ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူ ဖြစ်လိမ့်မည်။ သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။- လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ ခြင်းကို ခံထိုက်ပေ၏။- ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့။- တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။- လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။- သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။- ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။- ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုသာ ပျက်သော်သာ၍ကောင်း၏။- တစ်ဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။- ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။- တစ်ဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။- မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာခုံ ဖြစ်သတည်း။ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော် ဖြစ်သတည်း။- ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ မတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။- သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။- သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။- သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။- တောင်းသောသူအား ပေးလော့။ ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
ရှင်မဿဲ 5 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်မဿဲ 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 5:17-42
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ