အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊- အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့် ဇာရ။ ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။- အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။- စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။ ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဖူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။- ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။- အာသသား ယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။ ဩဇိသား ယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။- ဟေဇကိသား မနာရှေ။ မနာရှေသား အာမုန်။ အာမုန်သား ယောရှိ။- ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသား ရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။- ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။- အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သား ဧလုဒ်။- ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။- ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။- ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ သူ၏ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ၏။- ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။- ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။- ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝရဘုရား၏ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။- သို့သော်လည်း၊ သားဦး ကို မဖွားမီတိုင်အောင် သံဝါသမပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသောအမည်ဖြင့် မှည့်လေ၏။
ရှင်မဿဲ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 1:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ