တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။- ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။- အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကိုကိုယ် ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်း။- အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ ဘုန်းကိုဆောင်လျက် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတ္တံ့။- ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။- ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့် ထင်ရှား၍၊- ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေတော်မူမည် အကြောင်းအရာကို ပြောကြ၏။- ပေတရုနှင့် သူ၏အဖော်တို့သည် မျက်စိလေးလံသဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကိုလည်းကောင်း မြင်ကြ၏။- ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊- ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထိုအသံတော်ဖြစ်သည် ခဏချင်းတွင်၊ ယေရှုသည် တစ်ယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။ နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြု၏။- လူအစုအဝေး၌ ပါသောသူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတစ်ယောက်တည်း ရှိပါ၏။- နတ်ဖမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုပ်ထွက်လျက် တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။- ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။- ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။- သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။- လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ ထိုသို့ ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော်မူ၏။- ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။ ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။- ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တစ်ယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊- အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသော သူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သော သူတစ်ယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟု လျှောက်သော်၊- ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန် ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှာ သဘောထားတော်မူ၏။- ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဖို့ကို ပြင်ဆင်ခြင်းငှာ သွား၍ ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။- ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။- ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်စေခြင်းငှာ အလိုရှိတော်မူသလောဟု လျှောက်ကြသော်၊ ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှာ ကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊- အခြားသောရွာသို့ ကြွတော်မူ၏။ လမ်း၌သွားကြစဉ် လူတစ်ဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။- အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊- ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။- အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊- ယေရှုက၊ ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။
ရှင်လုကာ 9 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 9:18-62
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ