အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုဇရပ်၌ လက်ယာလက်သေသောသူ တစ်ယောက်ရှိ၏။- ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။- ယေရှုကလည်း၊ သင်တို့ကို ငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်သနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူပြီးလျှင်၊- ထိုသူအပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- ထိုသူများတို့သည် ဒေါသစိတ်နှင့်ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုလျက် တစ်ညလုံးနေတော်မူ၏။- မိုးလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊- ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊- မဿဲနှင့် သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊- ယာကုပ်၏ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တစ်ကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှာလည်းကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။- ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်း လာ၍ ချမ်းသာရကြ၏။- ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည် ဖြစ်၍၊ ပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုတို့ခြင်းငှာ ရှာကြံကြ၏။ ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။- ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြလတ္တံ့။ သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊- ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။- ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။
ရှင်လုကာ 6 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 6:6-23
12 ရက်
ယေရှုသည် လောက၌ သက်တော်ထင်ရှားခဲ့စဉ်က လူတို့ကို အနာငြိမ်းစေခြင်းဖြင့် သူ၏တန်ခိုးတော်နှင့် ကရုဏာတော်ကို ပြသခဲ့သည့်နည်းလမ်းများကို ရှာဖွေပါ။ အပိုင်း ၁၂ ပိုင်းရှိသည့်အစီအစဉ်ထဲမှ တစ်ရက်တစ်ခုစီ တင်ဆက်သည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် ယေရှုက အနာငြိမ်းပေးခြင်းတို့ကို ထင်ဟပ်စေပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ