ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။- ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။- အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသ သင့်ရောက်လိမ့်မည်။- သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊- မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ တစ်ဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။- အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။- ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။- နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကို နားထောင်ကြ၏။
ရှင်လုကာ 21 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 21:20-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ