ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။- ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။- အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက်ကြ၏။- ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။- ဒေနာရိ တစ်ပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊- ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊- အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။- ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။- နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ကြပြီဟု လျှောက်ကြ၏။ ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။- နောင်ဘဝကိုလည်းကောင်း၊ သေခြင်းမှ ထမြောက်ခြင်းကိုလည်းကောင်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။- သေခြင်းနှင့် အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သား ဖြစ်သောကြောင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- ထိုမှတစ်ပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။- ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။- ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။- နောက်တစ်ဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ။ ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။- ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု၊- ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊- ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ ကြီးစွာသောဒဏ်ကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်လုကာ 20 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 20:20-47
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ